ပွဲကြမ်းတယ်ဟေ့

ကန့်ဘလူတွင် စစ်တပ် လှည့်ကင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက် နက် ၅ လက် ရရှိ၊ ဒီပဲယင်းတွင် လေကြောင်းရိက္ခာထုပ်များ လာကောက်သည့် စစ်တပ်ကို ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာမှ ကာဘိုးကျေးရွာသို့ ကင်းလှည့်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်ရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာမှ ကာဘိုးကျေးရွာသို့ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၇ ဦးကို ဝက်တိုးရွာ နှင့်ကာဘိုးရွာ အကြားအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ ကာဗိုင် သေနတ် ၂ လက် ၊ MA- 1 သေနတ် ၁ လက်၊ G-3 သေနတ် ၁ လက်နှင့် ပြောင်းချော သေနတ် ၁ လက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရရသည်။

“စစ်ခွေး သေစာရင်းက ထပ်တိုးသေတာမျိုး မရှိပါဘူး။ လက်နက်ခဲယမ်းတွေပဲ သိမ်းဆည်းရမိတာပါ။ ကျနော်တို့ အဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ) ၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ တန့်ဆည် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုတ်များလာကောက်သည့် အကြမ်းဖက်စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကံပြားကျေးရွာနှင့် ဒီပဲယင်းမြို့ အကြားရှိ လက်တံမူလယ်ကွင်းတွင် လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုတ်များလာကောက်သည့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ ခုချိန်ထိဆက်လက်စုံစမ်းနေပါတယ်။ အင်အားကတပ်စိတ် ၂ စိတ်စာ အင်အား ၂၀ လောက်ရှိတယ်။ ကျွန်တော်တို့ ခဲယမ်းများများသုံးနိုင်ရင် လ​က်နက်တက်ကောက်လို့ရတဲ့ အခြေနေထိရှိပါတယ်။ ကံပြားကျေးရွာနဲ့ ဒီပဲယင်းမြို့ အကြားက လက်တံမူ လယ်ကွက်မှာ တိုက်ပွဲဖြစ်တာ လေယာဉ်နဲ့ ရိက္ခာထုတ်တွေကို သူတို့တည်နေရာကိုချတာ ဒါမယ့် သူတို့ဆီမရောက်ဘဲ လယ်ကွင်းတွေဘက်ကျတာ” ဟု အဖြူရောင် D.P.Y အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းတိုက်နယ် ၁ လှုပ်ရှားအဖွဲ့များဖြစ်သော အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပေါင်ချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ A2K ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဂျိမ်းစ္စဘွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*