ရန်ကုန်မှာ ဆော်ကုန်ပြီဗျို့

လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်မှု ရဲများထိခိုက်မှုရှိနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ရာ ရဲများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ၊ အနော်ရထာလမ်းမပေါ်ရှိ သောင်ကြီးရဲစခန်းကို တော်လှန် ရေးတပ်ဖွဲ့များက လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရဲစခန်းဝင်းအတွင်းရှိ ရဲများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းဝင်းကို လူနာတင်ကားများ ဝင်ရောက်သွားကြောင်း သိရှိရသည်။

သောင်ကြီးရဲစခန်းသည် အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်လှုပ်ရှားနေကြပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက်နေသော လှိုင်သာယာရဲတပ်ဖွဲ့ကို Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“လှိုင်သာယာ (အနောက်ပိုင်း) သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းဝင်းဂိတ်ကင်းနား ကျရောက်ပေါက်ကွဲပြီး ရန်သူထိခိုက်မှုရှိနိုင်ပါတယ်။ ရဲစခန်းထဲကို ဆေးရုံကားတွေ ဝင်သွားတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်” ဟု Operation Flame အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Operation Flame နှင့်အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ Operation Flameအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ဘဲ ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြို့ပြဒေသများတွင် လုံခြုံရေးယူ လှည့်လည်နေသော အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Be the first to comment

Leave a Reply

Your email address will not be published.


*