ဦးကျော်မိုးထွန်း တစ်ကွက် ထပ်ပြလိုက်ပြီ

ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ မြန်မာစစ်အုပ်စုထံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ပေးရန် နိုင်ငံတကာသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများအပါအဝင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေ၍ မြန်မာစစ်အုပ်စုထံသို့ လက်နက်ရောင်း ချမှု နိုင်ငံတကာက ပိတ်ပင်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ထပ်မံတောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှရရှိသော သမားရိုးကျ လက်နက်များသည် တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဖိနှိပ်ခြင်းအတွက်သာ စစ်အုပ်စုက အသုံးပြုနေကြောင်း၊ ယခုအချိန်အထိ လူပေါင်း ၇,၄၀၀ နီးပါး အသက်သေဆုံးခဲ့ရကြောင်း၊ စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းသည့် အဖွဲ့ဝင်နိုင်ငံအချို့၏လုပ်ရပ်များသည် စစ်အုပ်စု၏ လူသတ်မှုများကို ရှင်းလင်းပြတ်သားစွာ ထောက်ခံအားပေးသည့်လုပ်ရပ်များအဖြစ် မြန်မာပြည်သူများက ရှုမြင်ကြကြောင်း သံအမတ်ကြီးက ပြောသည်။

တစ်ကမ္ဘာလုံးက စစ်အုပ်စုထံ လက်နက်ရောင်းချမှုပိတ်ပင်ခြင်းကို အကောင်အထည်ဖော်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန်အတွက် တိုက်လေယာဉ်ဆီ၊ အခြားစစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများ နှင့် ဆက်စပ်နည်းပညာများ စစ်အုပ်စုထံသို့ ဆက်လက် စီးဆင်းခြင်းကို တား ဆီးပေးရန် မြန်မာပြည်သူလူထုကိုယ်စား နိုင်ငံတကာအသိုက်အဝန်းသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်ကို လက်နက်သုံး၍ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုကျူး လွန်နိုင်ရေး ဆက်လက်လုပ်ခွင့်သာပေးစေမည်ဖြစ်၊ အရပ်သား ပြည်သူများ၏ အသက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်အုပ်စု၏ လှည့်ဖြားသည့်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသားပယ်ချရန် နိုင်ငံတကာ အသိုက်အဝန်းကို သံအမတ်ကြီးက ဆက်လက် တိုက်တွန်းသည်။

မြန်မာနိုင်ငံရှိ လက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်ခဲ့ ကြောင်း၊ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင်ပင် စစ်တပ်သည် ယင်း ထုတ်လုပ်ရေးကို ဆက်လက် လက်ဝါးကြီးအုပ်ထားပြီး မည်သည့်အရပ်ဘက် ကြီးကြပ်မှုကိုမဆို ငြင်းပယ်ခဲ့ကြောင်း၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်တွင် စစ်အုပ်စုသည် အသေးစားနှင့် အပေါ့စားလက်နက်များ၊ အမြောက်ကျည်များ၊ လူသတ်မိုင်းများ၊ လက်နက်တပ်ဒရုန်းများ၊ ဆင့်ကဲပေါက်ကွဲစေတတ်သည့် လက်နက်များကိုထုတ်လုပ်ကြောင်း၊ ယင်းတို့ကို တိုင်းရင်းသားလူနည်းစုများအပါအဝင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် အသုံးပြုကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့မှ အကြမ်းဖက်စစ်တပ်ထံသို့ ကုန်ကြမ်းပစ္စည်းများ၊ လက်နက်များ၊ ခဲယမ်း မီးကျောက်များနှင့် ဆက်စပ်နည်းပညာများအား ရရှိနေခြင်းကြောင့် စစ်အုပ်စု၏ ပြည်တွင်းထုတ်လက်နက်များကို ပိုမိုအားဖြစ်နေစေကြောင်း၊​ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ မှ ၂၀၂၃ ခုနှစ် မေလအထိကာလအတွင်း စစ်အုပ်စုမှ လက်နက်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိခဲ့ကြောင်း၊ ထို့ကြောင့် တစ်ကမ္ဘာလုံးက စစ်အုပ်စုထံ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို အကောင် အထည်ဖော်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန်အတွက် တိုက်လေယာဉ်ဆီ၊ အခြား စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စစ်အုပ်စုထံသို့ ဆက်လက်စီးဆင်းခြင်းကို တားဆီးပေးရန် မြန်မာပြည်သူလူထုကိုယ်စား နိုင်ငံတကာအသိုက်အဝန်းသို့ တောင်းဆိုလိုကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*