
အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက် စစ်ကောင်စီက ဟန်ပြရွေးကောက်ပွဲ စီစဉ်နေတာကို ငြင်းပယ်ဖို့ အချက်အပါအဝင် အချက် ၃ ချက်တောင်းဆိုခဲ့
ဇူလိုင်လ ၁၂ ရက်
အာဆီယံနိုင်ငံ ခေါင်းဆောင်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က အကြမ်းဖက်စစ်အုပ်စု ရဲ့ ဟန်ပြရွေးကောက်ပွဲ စီစဉ်နေတာကို ငြင်းပယ်ဖို့ အချက် အပါအဝင် အချက် ၃ ချက် တောင်းဆိုထားတဲ့ စာကို ဇူလိုင်လ ၆ ရက်နေ့ရက်စွဲနဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
တောင်းဆိုလိုက်တဲ့ အချက် ၃ ချက်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို ဦးစားပေးဖို့ ၊ အာဆီယံ အမြဲတမ်း သံတမန် ခန့်အပ်မှုကို ထောက်ခံကြဖို့ နဲ့ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဝိရောဓိဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ စီစဉ်နေတာ အပါအဝင် စစ်အာဏာရှင်ရဲ့ ဘယ်လုပ်ဆောင်ချက်ကိုမဆို ငြင်းပယ်ကြဖို့ အတွက် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး က အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေကို လေးလေးစားစား တောင်းဆိုလိုက်တယ်လို့ ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၈ ရက်ကနေ ၁၁ ရက်အထိ ကွာလာလမ်ပူမြို့မှာ ‘တန်းတူညီမျှ ပါဝင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့နိုင်စွမ်း’ ခေါင်းစဉ်အောက်မှာ အာဆီယံ အစည်းအဝေးတွေ ကျင်းခဲ့စဉ် အခုလို တောင်းဆိုချက်တွေကို ပေးပို့ခဲ့တာပါ။
“ကျွန်မတို့နိုင်ငံဟာ စိုးရိမ်ဖွယ်ရာ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ သန်းနဲ့ချီတဲ့ ကျွန်မတို့ ပြည်သူတွေဟာ စားနပ်ရိက္ခာ ဆိုးဆိုးရွားရွား မလုံလောက်မှု၊ ရွှေ့ပြောင်းနေထိုင်ရမှု၊ ဆက်တိုက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ ဒုက္ခတွေကို ခံစား နေကြရပါတယ်။ စစ်အာဏာရှင်ရဲ့ အရပ်သားပြည်သူတွေအပေါ် အဆက်မပြတ် တိုက်ခိုက်နေမှုဟာ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဘေးဒုက္ခကို ပိုမိုဆိုရွားလာအောင် လုပ်နေပါတယ်။ အဲဒါကြောင့် တန်းတူညီမျှ ပါဝင်နိုင်စွမ်းနဲ့ ရေရှည်တည်တံ့နိုင်စွမ်း ဆိုတာတွေဟာ ရည်မှန်းချက် သဘောတရား သက်သက်မဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့ ဘယ် ဒေသတွင်း တုံ့ပြန်မှုအတွက်မဆို မရှိမဖြစ် အလွန်အရေးကြီး အရာတွေဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူအားလုံး အမှန်တကယ်နေထိုင်နေကြရတဲ့ ဘဝတွေကို သဘောပေါက်နား လည်ပြီး အားလုံးပါဝင်တဲ့ ချဉ်းကပ်မှုမျိုး လုပ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားတာလည်းတွေ့ရပါတယ်။
“ဒီလို စိန်ခေါ်မှုတွေ ရှိနေတဲ့အနေအထားမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အမြဲတမ်း သံတမန် ခန့်အပ်ဖို့ အဆိုပြုချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝ အားပေးထောက်ခံတဲ့ အကြောင်း ကျွန်မ အသိပေး ပြောကြားလိုပါတယ်။ သီးသန့် သံတမန်တစ်ယောက်ဟာ ရေရှည်တည်တံ့တဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို ထိထိရောက်ရောက် ပို့ပေးနိုင်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှု တွေ မြှင့်တင်ဖို့ဆိုတာတွေမှာ အရေးကြီးတဲ့ အခန်းကဏ္႑ကနေ ပါဝင်ပါတယ်။ အဲဒီအချက်တွေ အားလုံးဟာ အာဆီယံရဲ့ လေးစားကြည်ညိုခံရမှုနဲ့ ကိုယ့် စည်းမျဉ်းကိုယ် အကောင်အထည်ဖော်မှုတွေအတွက် မရှိမဖြစ် အရေးပါပါတယ်။” လို့ စာထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက လုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ အလုံးစုံပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေလုပ်ဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဝိရောဓိဖြစ်နေသလို ထိခိုက် ပျက်စီးစေတယ်လို့ အသိပေးထားပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ စိတ်ဓာတ်နဲ့ သန္နိဋ္ဌာန်ကို ကိုင်စွဲထားနိုင်ဖို့ ဒီအခြေအနေတွေ အောက်မှာ ဟန်ပြရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဘယ် လုပ်ဆောင်ချက်ကိုမဆို အာဆီယံတစ်ဖွဲ့ လုံးက စုစုစည်းစည်း ငြင်းပယ်ဖို့ အတွက်လည်း အသိပေး တိုက်တွန်းထားပါတယ်။
#PVTV
#HlaingInfo
Leave a Reply