 
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကုလသမဂ္ဂက ကန့်ကွက်ရန် နှင့် ICCတရားရုံးက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် အချိန်ကျပြီဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၃၀
အကြမ်းဖက် မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံ ရေးကောင်စီ၏ ထုတ်ပြန်ချက်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် ထည့်သွင်းဖော်ပြခြင်းဖြင့် မြန် မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အကြံပြုတိုက်တွန်းသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက် ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ၏ မြန်မာ့အရေးအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုလုံးအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်းကို အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်များတွင် ထည့်သွင်းခြင်းအားဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကို ခိုင်ခိုင်မာမာ ပြသသင့်ကြောင်း သံအမတ်ကြီးက အကြံပြုလိုက်ခြင်းဖြစ်သည်။
စစ်အုပ်စုက ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲက လုံးဝဥဿုံ ယုတ္တိကင်းမဲ့သဖြင့် တခဲနက် ဝိုင်းဝန်းကန့်ကွက်ကြရမည်သာဖြစ်သည်ဟု ရှင်းလင်းစွာ ပြောကြားလိုကြောင်း၊ စစ်အုပ်စုသည် ရွေးကောက်ခံအရပ်သားအစိုးရကို တရားမဝင် ဖယ်ရှားကာ မတရား စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေကြောင်းအရဖြစ်စေ၊ ကျင့်ဝတ်သိက္ခာအရဖြစ်စေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်သည့် တရားဝင် အခွင့်အာဏာ မရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
စစ်အုပ်စုသည် ပြည်သူများအပေါ်တွင် လူမဆန်စွာ စစ်မက်ပြုနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ၊ လွန်လွန်ကျူးကျူး၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေ၊ ၎င်းတို့၏ ရွေးကောက်ပွဲဟု ခေါ်တွင်သော နည်းလမ်းမှာ တရားဝင် နိုင်ငံရေး လုပ်ငန်းစဉ် မဟုတ်သကဲ့သို့ မှန်ကန်သည့် ဖြေရှင်းနည်းလည်း မဟုတ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော မဲပေးရွေးချယ်မှုအတွက် အခြေခံကျသည့်အခြေအနေများ မရှိ၊ နိုင်ငံရေးပါတီ အများစုမှာလည်း ဖျက်သိမ်းခံထားရ၊ လူအလုံးအရင်းဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခြင်း၊ နေရာအနှံ့ပဋိပက္ခများ ဖြစ်ပွားနေခြင်း၊ စစ်အုပ်စုမှ အကြောက်တရားဖြင့် ထိန်းချုပ်နေခြင်းနှင့် နိုင်ငံသားများ၏ နိုင်ငံရေး အခွင့်အရေးအား ကန့်သတ်ခံထားရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အား ထိန်းချုပ်ထားခြင်းတို့လည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောဆိုသည်။
စစ်အုပ်စုအနေဖြင့် နိုင်ငံ၏ နယ်မြေ ၃၀ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း၊ လက်ရှိ အခြေအနေ အောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိနိုင်မည် မဟုတ်ဘဲ လိမ်ညာလှည့်ဖြားသည့် လုပ်ငန်းစဉ်မျှသာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် စစ်အုပ်စု၏ ကျော့ကွင်းထောက်ချောက်အတွင်းသို့ မည်သို့မျှ ကျရောက်၍ မရကြောင်း၊ ထို့အတူ ၎င်းတို့၏ ဝါဒမှိုင်းတိုက်ခြင်း၊ သတင်းအမှား နှင့် ယုတ္တိယုတ္တန် မရှိသော အချက်အလက်များ ဖြန့်ဝေခြင်းအောက်တွင် ဦးတည်ချက် မပျောက်ဆုံးသင့်ကြောင်း သံအမတ်ကြီးက သတိပေးသည်။
မြန်မာအရေးကိစ္စအား ဖြေရှင်းရန်အတွက် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ကာ တရားခံများ၏ ပြစ်ဒဏ်ကင်း လွတ်နေမှုအား အပြီးတိုင်း ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးမဟာမင်းကြီးမှ တောင်းဆိုထားသည့်အတိုင်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ အရေးကိစ္စတစ်စုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် ၎င်းက ထပ်လောင်း တောင်းဆိုသည်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး အစိုးရရှေ့နေမှ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄ ခုနှစ်က တောင်းဆိုခဲ့သည့်အပေါ်လည်း ကြိုဆိုထောက်ခံကြောင်း၊ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်အချိန်အခါ ကျသင့်နေပြီဖြစ်ကြောင်း၊ ဤနည်းအားဖြင့် ရာဇဝတ်သားများအနေဖြင့် ၎င်းတို့ကျူးလွန်သည့် လူမဆန်သော ရာဇဝတ်မှုများအတွက် လွတ်လမ်းမရှိကြောင်းကို ပြတ်သားစွာ သတင်းစကားပါးနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မြန်မာအရေးကိစ္စအား ဖြေရှင်းရန် ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ဆောင်ခြင်းကသာလျှင်ပြည့်စုံကုံလုံသည့် နိုင်ငံရေးနည်းလမ်းဖြစ်၊ သို့ဖြစ်ရာ စစ်အာဏာ ရှင်စနစ်နှင့် မတရားစစ်အာဏာသိမ်းမှုတို့ ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတဝှမ်း၌ အကြမ်းဖက်မှုများ ချုပ်ငြိမ်းစေရန်၊ လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့်နေရာများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟန့်အတားမရှိ ပို့ဆောင်နိုင်ရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်းပြန်လည်လွှတ်ပေးရန်၊ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အခြေခံ လူ့အခွင့်အရေးများ ခံစားခွင့်ရနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် တောင်းဆိုလို၊ သို့မှသာ အားလုံးပါဝင်မှုရှိသည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုဆီသို့ ဦးတည်သွားရောက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။


Leave a Reply