မြို့ပေါ်တတ် ဆော်နေပြီဟေ့

မင်းတုန်းမြို့နယ်တွင် တိုင်းအဆင့် ရဲမှူး လိုက်ပါလာသော ကား ၄ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိကာ ကား ၁ စီးကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ အောက်တိုဘာ ၂၈

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် တိုင်းအဆင့် ရဲမှူး လိုက်ပါလာသော ကား ၄ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိကာ ကား ၁ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ KO MYAT က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာနှင့် ဝန်တွင်းကျေးရွာ အကြားရှိ ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်တွင် မင်းတုန်းမြို့ဘက်မှ ဝန်တွင်းကျေးရွာဘက်သို့ မောင်းနှင်လာသေ တိုင်း အဆင့် ရဲမှူးလိုက်ပါလာသော ကား ၄ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း ဖိုးဝှီးကား ၁ စီးသည် မိုင်းထိမှန်ကာ မောင်းပြေးသွားပြီး ၎င်းကား မောင်းပြေးသွားရာကို တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကားပေါ်လာသော စစ်သားများက မိုင်းထိမှန်ထားသော ကားကို ရပ်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို ကျန်ကား ၃ စီးပေါ် တင်ဆောင်၍ ထွက်ပြေးမောင်းနှင်သွားကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မျက်မြင် ၄ ဦး ထိခိုက်သေးဆုံးနိုင်ပြီး ၎င်းတို့ထံမှ 7.62ကျည် ၇၈ တောင့် ၊ G3ကျည် ၂၄ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ငွေသား ၃၀၀၀၀၀ ကျပ်တို့ကို သိမ်းဆည်းနိုင်ခဲ့ကာ ၎င်းတို့ ထားခဲ့သည့်ကား ၁ စီးကိုလည်း မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရတဲ့သတင်းအရ လူကြီးလမ်းကြောင်းဖြတ်မယ် တိုင်းအဆင့် ရဲမှူးပါမယ်ဆိုတဲ့ဟာပေါ့။ မကွေးတိုင်း ရဲမှူးဆိုတာလားတော့ ဆက်လက် အတည်ပြုဆဲပါ။ ကား ၄ စီးဖြတ်တဲ့ အခါမှာ ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်တာမှာ ၁ စီး ထိတယ်။ အဲ ၁ စီးမှာပါ လာတဲ့ ကောင်တွေက ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်။ အဲဟာမှာ တိုင်းမှူးအဆင့် ပါလာ မပါလာဆိုတာကတော့ ဆက်လက် စုံစမ်းဆဲပါ။ ကျနော်တို့ စိုးမိုးထားတဲ့ ဒေသတွေမှာ ဒီထက်ပိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေ စစ်ကောင်စီ လုပ်လာမယ့် ရွေးကောက်ပွဲတွေ အဲတာတွေကို တိုက်ခိုက်သွားဖို့ လုပ်ဆောင်မယ်” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ KO MYAT က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မင်းတုန်းမြို့အဝင် ၅ မိုင် စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒေသ ပြည်သူများနှင့်ခရီးသွား ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ရမ်းကားနေမှုများကို ဂရုစိုက် နေထိုင်သွားလာကြရန် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ KO MYAT က ဆက်လက်ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*