
ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ တောင်ဦးရွာဘက်မှ ရနဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း DSNDA မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကျားပျံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တောင်ဦးရွာဘက်မှ ရနဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၂၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို DSNDA ရဲဘော်များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်တပ် စစ်ကြောင်းသည် မိုင်းကွင်းအတွင်း ရောက်ရှိနေချိန်ဖြစ်သောကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သား အလောင်းများနှင့် ဒဏ်ရာ ရသူများကို ရနဲကျေးရွာသို့ ကားဖြင့် သယ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ရနဲကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀၀ ကျော် တပ်စွဲထားကာ ရွာအနီးနားတွင်ရှိသော တောင်ပို့ခေါင်း၊ဂွေးပင်၊ ဆပ်ခြံ၊ တောင်ဦး၊ တဲ့လု ရွာတို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်မှုများရှိကြောင်း သိရသည်။
“စစ်ခွေးသေတာက ၁၂ ကောင်ပါ။ ဒဏ်ရာရတဲ့သူလည်းများတယ်။ စစ်ခွေးတွေက ပြည်သူ ၅ ဦးကို ရိုက်နှက် ဖမ်းဆီးတာတွေရှိတယ်။ ဖမ်းဆီးခံရသော ပြည်သူများကို စစ်ခွေးတွေက ရွာငံမြို့ပေါ် ခေါ်ဆောင်သွားတယ်။ ပြည်သူတွေ သတိရှိပြီး မလိုအပ်ဘဲ အသွားအလာ မလုပ်ကြဖို့ မှာချင်ပါတယ်” ဟု DSNDA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကျားပျံက ပြောဆိုသည်။
လက်ရှိတွင် ရွာငံမြို့နယ် အတွင်း စစ်ကောင်စီ တပ်သား အများအပြား ရှိနေပြီး စစ်ရေးဆက်လက် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ အနီး သွားလာနေထိုင်ခြင်းမပြုလုပ်ရန် DSNDA က အသိပေး နှိုးဆော်ထားသည်။
Leave a Reply