ရဲဘော် ၁၀၀၀ ကျော်

စစ်ကြောင်းထောက်လှမ်းရင်းပစ်ခတ်ခံရပြီး ဒေသကာကွယ်ရေးရဲဘော် နှစ်ဦး ကျဆုံး

◾ဆီဆိုင်ဓါးပြတိုက်သူတွေလို့ စစ်အုပ်စုဝါဒဖြန့်

BVJ/ဇော် – ဇူလိုင် ၃၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ဂန့်ဂေါရွာကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုသွားရောက်ထောက်လှမ်းရင်း ရဲဘော် နှစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA) က သိရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့မှာ ဂန့်ဂေါရွာကနေ ကျောက်ကန်ရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ဝင်လာတယ်လို့သတင်းရတဲ့အတွက် ဒေသတော်လှန်ရေးတပ်ဖွဲ့က ဒေသခံပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေချိန် စစ်ကြောင်းအခြေအနေကိုကင်းထောက်လှမ်းဖို့သွားတဲ့ PDA ရဲဘော် နှစ်ဦးကျဆုံးခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းအတွင်းကထွက်လာတဲ့ ကားနှစ်စီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေ ကျည်ထိမှန်ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ရဲဘော်နှစ်ဦးက ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ကျဆုံးတာပါဗျ။ ၂၈ ရက်နေ့မှာ ဂန့်ဂေါကနေ ဝင်လာတဲ့ အင်အားပြည့် ကား ၁၅စီးက ကား နှစ်စီးထွက်လာတယ်လို့သတင်းရလို့ ကျဆုံးသွားတဲ့ရဲဘော် နှစ်ဦးကို ကင်းလွှတ်လိုက်တာပါ။ စစ်ကား နှစ်စီးက အရင်ရောက်နှင့်နေပြီး မိမိတို့ရဲဘော်နှစ်ယောက်နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ရဲဘော်အသေးလေးထိလို့ ပြန်ဆွဲရင်း ရဲဘော်အောင်ကြီးပါ အဲ့နေရာမှာ ကျဆုံးခဲ့တာပါ။ Dead Body ကတော့ ၂၈ ရက်နေ့ ညဘက်လောက်မှာပဲ ပြန်ရပါတယ်” လို့ PDA သတင်းနဲ့ ပြန်ကြားရေးဌာန ဒုဌာနမှူး ရဲဘော်တိုက်ဂါးက Burma VJ ကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ရဲဘော်အသေးလေး(ခ)နေတိုးအောင်နဲ့ ရဲဘော်အောင်ကြီး(ခ)အောင်ပြည့်စုံတို့ ကျဆုံးခဲ့ရသလို စစ်ကောင်စီဘက်ကလည်း နှစ်ဦးကျဆုံးကာ စစ်ကြောင်းမှူးအဆင့်ရှိသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

PDAဘက်ကတော့ ရဲဘော် နှစ်ဦးကိုင်ဆောင်ထားတဲ့ MA 1 တစ်လက်နဲ့ MA 13 တစ်လက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ ညောင်ဦးမြို့နယ်မှာ PDFအဖွဲ့က “DENKO” စက်သုံး ဆီဆိုင်ကို ဝင်ရောက်ဓားပြတိုက်လုယက်ပြီး ဆီဆိုင်ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် လုံခြုံ‌ရေးအဖွဲ့က လိုက်ရှင်းရာကနေ PDFအလောင်းနှစ်လောင်းနဲ့သေနတ်နှစ်လက်ရရှိခဲ့ပြီး နှစ်ယောက်က ထွက်ပြေးသွားတယ်လို့ ဖော်ပြထားကြပါတယ်။

PDAက ရဲဘော်တိုက်ဂါးက “ကျနော်တို့ အနေနဲ့ကတော့ အများကြီးပြောဖို့ မရှိပါဘူးဗျ။ စစ်‌ကောင်စီကတော့ သူတို့လုပ်နေကြအတိုင်း မမှန်မကန်ဝါဒဖြန့်တာကတော့ ပုံမှန်ပဲပေါ့။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ကျနော်တို့ မလုပ်ဘူးဆိုတာတော့ ပြောနိုင်ပါတယ်ဗျ။ ဒီလိုကိစ္စမျိုးတွေကိုလည်း မထောက်ခံပါဘူးဗျ။ ကျနော်တို့ ရဲဘော်တွေကတော့ တော်လှန်ရေးအတွက် အမှန်တကယ် အသက်စွန့်သွားတာပါ” လို့ ရဲဘော် (၂) ဦးကျဆုံးမှုနဲ့ ပတ်သက်ပြီးပြောပါတယ်။

PDAဟာ မကွေးတိုင်းအပါအဝင် အညာဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပြီး တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့လည်း စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

ပုံစာ-ကျဆုံးရဲဘော်နှစ်ဦး၊ စစ်အုပ်စုဖော်ပြထားသောပုံ

Be the first to comment

Leave a Reply

Your email address will not be published.


*