
စစ်အုပ်စုက လူငယ် ၇၀,၀၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မြေပြင်မှာ အသေခံစစ်သားအဖြစ် အသုံးချ၊
▪️အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူတွေ NUGနဲ့ EROsတွေဆီ အမြန်ဆုံး အလင်းဝင်ဖို့ ဖိတ်ခေါ်၊
ဇူလိုင်လ ၂၅ ရက်
အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝှမ်းက လူငယ်၊လူရွယ် ၇၀,၀၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းခဲ့ပြီး စစ်မြေပြင် ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဇူလိုင် ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်မှုထမ်း ဥပဒေ အကြောင်းပြကာ ၂၀၂၄ မတ်လက စလို့ စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စုဟာ နိုင်ငံတဝန်း တစ်မြို့နယ်ကို တစ်လ လူ ၁၅၀ နှုန်းလောက် စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ရပ်ကွက်၊ မြို့ရွာအလိုက် ခွဲတမ်းနဲ့ စုဆောင်းသလို ပေါ်တာဆွဲပြီးတော့လည်း စုဆောင်းနေတာ ဖြစ်ပါတယ်။
“နောက်ဆုံး ရရှိထားသော အချက်အလက်များအရ အကြမ်းဖက်စစ်ကောင်စီသည် လူငယ် ၇၀,၀၀၀ နီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်း၍ စစ်သင်တန်းများသို့ ပို့ဆောင်ခဲ့ပြီး စစ်မြေပြင်များသို့ စေလွှတ် အသုံးချလျက် ရှိသည်” လို့ NUG က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ စစ်မှုထမ်း အပါတ်စဉ် တစ်ခုကို လူ ၄၀၀၀ လောက် စုဆောင်းနေတာ ဖြစ်ပြီး ရပ်ကွက်နဲ့ မြို့ရွာတွေ အလိုက် ခွဲတမ်းချပြီး လူစုရာမှာ မပြည့်မီလို့ မြင်တွေ့သမျှ အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာလို့လည်း NUG က ဆိုပါတယ်။
စစ်အုပ်စုဟာ စုဆောင်းရရှိထားသူတွေကို လစဉ် စစ်သင်တန်းတစ်ခု ဖွင့်ကာ ရက်တို သင်တန်း ပေးနေပြီး ၂၀၂၃ မတ်လမှာ အပတ်စဉ် ၁ စစ်သင်တန်း စတင်ခဲ့ရာ လက်ရှိ ဇူလိုင်လမှာ စစ်သင်တန်း အပတ်စဉ် ၁၅ အထိ ရောက်ရှိပြီလည်း ဖြစ်ပါတယ်။
ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရပြီး အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်အရ စစ်အုပ်စုဟာ ပေါ်တာဆွဲ အဓမ္မစုဆောင်းထားတဲ့ စစ်သားသစ်တွေကို တိုက်ပွဲတွေမှာ ရှေ့ထွက် အသေခံ တပ်သားတွေ အဖြစ် အသုံးချပြီး မူးယစ်ဆေးဝါးတွေ သုံးစွဲခိုင်းကာ စစ်တိုက်ခိုင်းတဲ့အတွက် စစ်အုပ်စု အနေနဲ့ လူငယ်တွေရဲ့ အသက်ကို တန်ဖိုးမထားတာ ပေါ်လွင်ထင်ရှားတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် အဓမ္မ စစ်သား စုဆောင်းခံရသူတွေ အနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း – EROs တွေဆီ ဘက်ပြောင်းခိုလှုံ နေကြပြီး စစ်အုပ်စု လက်အောက် ကျန်ရှိနေသေးသူတွေ အနေနဲ့လည်း အခွင့်အရေး ရပါက အလင်းဝင်ကြဖို့ ဖိတ်ခေါ်ကြောင်း NUGက ဆိုပါတယ်။
စစ်အုပ်စု လက်အောက်က ရုန်းထွက်ပြီး အလင်းဝင် ဘက်ပြောင်းလိုသူတွေ အနေနဲ့ NUG ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန – MOD ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းနဲ့ ပကဖတွေကို ဆက်သွယ်နိုင်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အလင်းဝင် ဘက်ပြောင်းခိုလှုံဖို့ ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့ကို ဆက်သွယ်သူတွေထဲက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ခေါ်ထုတ်နိုင်ခဲ့သူ ၃၁ဦး ရှိခဲ့ပြီး အများစုဟာ စစ်မှုထမ်း ဥပဒေအရ စစ်သားသစ် စုဆောင်းခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီစစ်မှုထမ်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ ကြေညာချက်တွေလည်း ခဏခဏ ထုတ်ခဲ့ပြီး ပါပြီ။ ခဏခဏလည်း ဖိတ်ခေါ်ပြီးပါပြီ။ ဒါပေမယ့်လည်း မသိသေးတဲ့ ပြည်သူလူထုတွေ ရှိနေဦးမယ် လို့ ကျွန်တော်တို့ ယူဆတယ်။ အဲတော့ မိမိကိုယ်တိုင်ပဲ ဖြစ်စေ၊ မိမိနဲ့ ဆွေမျိုးသားခြင်း နီးစပ်တဲ့သူတွေ၊ ချစ်ခင်ရတဲ့သူတွေပဲ ဖြစ်စေ၊ ဒီ အဓမ္မစစ်မှုထမ်းနဲ့ ပါသွားတဲ့ အချိန်အခါမျိုးကျ ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် ပြည်သူ့ရင်ခွင်ဆီကို ရအောင် ဆက်သွယ်ပါ။ ကျွန်တော်တို့တွေ ကြိုးစားပြီးတော့ ခေါ်ထုတ်သွားပါမယ် ” လို့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူတစ်ဦးက MFPကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို စစ်အုပ်စုက ပြန်လည် တိုက်ခိုက် သိမ်းယူခဲ့ရာမှာ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်သားသစ်တွေကို အများဆုံး အသုံးပြုပြီး အလင်းဝင် ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ ပြောဆိုချက်အရ မူးယစ်ဆေးကျွေးပြီး စစ်တိုက်ခိုင်းတာလို့ နောင်ချို စစ်မြေပြင်က တော်လှန်ရေး သတင်းအရင်းအမြစ်ကပြောပါတယ်။
“စစ်ကောင်စီက သင်တန်းမှာထဲက သူတို့ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးထားသူတွေကို ရှေ့တန်းထွက်ရင် ရွာတွေ၊ အိမ်တွေက ပစ္စည်းတွေယူဖို့၊ ဖမ်းမိ့တဲ့ PDF ရဲမေတွေဆို မုဒိန်းကျင့်ဖို့၊ မူးယစ်ဆေးဝါး WY ဆိုလည်း ရိက္ခာထုတ်တဲ့သူဆီက ထုတ်ယူသုံးစွဲလို့ ရနေတာတွေ၊ ရှေ့တန်းမှာဆို ပြည်သူ မရှိဘူး ဆိုတာတွေကြောင့် အလင်းဝင်လာတယ်လို့ ပြောပါတယ်”
စစ်အုပ်စုက ၂၀၂၄ မတ်လမှာ အတည်ပြုခဲ့တဲ့ စစ်မှုထမ်း ဥပဒေဟာ စစ်အုပ်စုကို ထင်ရာစိုင်း လုပ်ပိုင်ခွင့်တွေ တရားလက်လွတ် ပေးအပ်ထားပြီး လူငယ်တွေရဲ့ ဘဝနဲ့ အသက်ကို လောင်းကြေးထပ် ချနင်း ဖျက်ဆီးနေတယ်လို့ NUG က ဆိုပါတယ်။
“နိုင်ငံတဝန်းတွင် ခရီးသွားလာခွင့်များကို တင်းကျပ်ကန့်သတ်ပြီး မြို့ရွာအဝင်အထွက်များနှင့် လမ်းမများ ပေါ်တွင် လူငယ်များကိုပြောင်ပြောင်တင်းတင်း အဓမ္မ ဖမ်းဆီးလျက်ရှိသည့်အပြင် စစ်မှုထမ်း ကိုယ်ရေး အချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို နည်းပညာ အသုံးပြု တည်ဆောက်နေပြီး လူငယ်များကို မှတ်တမ်းတင် စာရင်း သွင်းကာ သားကောင်များသဖွယ် ပိတ်လှောင်အသုံးချရန် အကွက်ကျကျ ပြင်ဆင်လျက်ရှိပါသည်” လို့ NUG က ဖော်ပြပါတယ်။
လက်ရှိမှာ အာဏာသိမ်း စစ်အုပ်စုကတော့ ပေါ်တာဆွဲ ဖမ်းဆီး၊ စစ်သားသစ် စုဆောင်းတာတွေ အရှိန်မြှင့် လုပ်ဆောင်နေပြီး ၂၀၂၄ မတ်လကနေ ယခု ဇွန်လအထိ နိုင်ငံတဝန်း စစ်သားသစ် သိန်းနဲ့ချီကာ စုဆောင်းထားပြီး ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တချို့ကို စစ်သင်တန်းကျောင်း ပို့နေစဉ်/Photo – စစ်အုပ်စု
#MFP
#HlaingInfo
Leave a Reply