
■ စစ်ကောင်စီ စစ်ရဟတ်ယာဉ် သုံးစီးအနက် ၂ စီး ပစ်ချခဲ့ကြောင်း KIA အတည်ပြု
Western News| မေ ၂၀
တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးအနက် နှစ်စီးကို ပစ်ချခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA အတည်ပြု ပြောဆိုလိုက်သည်။
ယနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း ဆိုသည်။
ထို့အပြင် အခြားရဟတ်ယာဉ် ၁စီးမှာလည်း ထိမှန်ပြီး အရေးပေါ် ဆင်းသက်သွားခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ပြောဆိုသည်။
“ရဟတ်ယာဉ် ၃ စီး ဆင်းတယ်။ အဲဒီမှာ ပစ်ခတ်ရာမှာ ၂ စီးထိမှန်တယ်။ ရဟတ်ယာဉ် ၁ စီးကတော့ ရွှေကူနဲ့ ၁၅ မိုင်အကွာမှာ ပျက်ကျပြီးတော့ မီးလောင်ပျက် စီးတယ်။ နောက် ထိမှန်တဲ့ ၁ စီး ကတော့ ရွှေကူမှာ အရေးပေါ် ဆင်းသက်ရတယ်” ဟု အတည်ပြုပြောဆိုသည်။
အဆိုပါ ရဟတ်ယာဉ်များသည် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ဗန်းမော် စကခ ၂၁ ထဲကို စစ်ကူအင်အား လာဖြည့်လာသည့် စစ်ရဟတ်ယာဉ်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ၅ လကျော်ကြာသည်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့သည်။
ယင်းသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်ပျက်ခဲ့ပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ရဟတ်ယာဉ်လည်း ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့သဖြင့် တိုက်လေယာဉ် ပျက်ကျသွားခဲ့သည်။
ပုံစာ- ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က စနိုက်ပါ အဝေးပစ်သေနတ်နှင့် ပစ်ခတ်ရာမှာ စစ်ရဟတ်ယာဉ် ထိမှန် မီးလောင်ပျက်ကျသွားစဉ်။ ဓါတ်ပုံ-CJ
Leave a Reply