စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို အကူအညီပေးလျှင် မြန်မာပြည်သူများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေမည်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် ဦးကျော်မိုးထွန်းက နိုင်ငံတကာကို သတိပေး
ရန်ကုန်၊ အောက်တိုဘာ ၁၄
အကြမ်းဖက်မြန်မာစစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို အကူအညီပေးလျှင် မြန်မာပြည်သူများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ သတိပေးပြောဆိုလိုက်သည်။
အောက်တိုဘာလ ၁၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သော အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယ ကော်မတီ) အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံက ယခင်ရရှိထားခဲ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှာ သိသိသာသာ နောက်ပြန်ဆုတ်ယုတ်သွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနေပြီး ရာဇဝတ်သားများ၊ ၎င်းတို့နှင့် ပူးပေါင်းနေသည့် နယ်ခြားစောင့်တပ်ဖွဲ့များအတွက် လုံခြုံသော ပုန်းခိုရာများ ဖန်တီးပေးနေသဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများမှာ ဆက်လက် ကျယ်ပြန့်လာနေကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို အကူအညီပေးနေမှုမှာ ပြည်သူလူထု၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေပြီး အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကိုသာ ဖြစ်ပေါ်စေကာ ကြိုးပမ်းရရှိထားသော ဖွံ့ဖြိုးတိုးတက်မှုများကို အလုံးစုံ နောက်ပြန်ဆုတ်ယုတ်စေမည်ဖြစ်ကြောင်း သတိပေးသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင် အလိမ်အညာရွေးကောက်ပွဲကို ပြတ်သားစွာ ပယ်ချရန် သံအမတ်ကြီးက အလေးအနက်တိုက်တွန်းသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို နေရပ်စွန့်ခွာစေပြီး အခြေခံဝန်ဆောင်မှု လုပ်ငန်းများကို ပိတ်ပင်တားဆီးနေသဖြင့် ဆင်းရဲတွင်းပိုမိုနက်လာကြောင်း၊ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများ၊ မွေးမြူရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လယ်ယာမြေများကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေသဖြင့် ငတ်မွတ်ခေါင်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံခြုံမှုမှာ ဆက်လက်မြင့်တက်နေကြောင်း၊
စာသင်ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များသည် ဗုံးခိုကျင်းများ သို့မဟုတ် ယာယီခိုလှုံရာစခန်းများတွင် ပုန်းအောင်း ပညာသင်ကြားနေရပြီး ပညာသင်ကြားမှုနှုန်းမှာ ဆက်လက်ကျဆင်းနေကြောင်း၊ အခြေခံအခွင့်အရေးများနှင့် အညီ လုပ်ဆောင်နေသည့် အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ် နယ်ပယ်နှစ်ခုလုံးတွင် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသဖြင့် ကျား၊ မ မညီမျှမှုမှာ ပိုမို ကြီးထွားလာနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
ယင်းအပြင် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အဓမ္မစစ်သားစုဆောင်းမှုကြောင့် လူငယ်များသည် ပုန်းရှောင်ထွက်ပြေးနေရပြီး ပြည်တွင်းလုပ်သားအင်အားနှင့် စီးပွားရေးအခွင့်အလမ်းများမှာ ဆက်လက် လျော့ပါးလာကြောင်း၊ မြန်မာနိုင်ငံနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကြီးမားလာမှုသည် ဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဆွဲချသွားမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများသည် ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပြတ်သားစွာပယ်ချရန်၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် ဆုံးဖြတ်ထားသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးသွားကြရန် သံအမတ်ကြီးက ထပ်မံ တိုက်တွန်းခဲ့သည်။


Leave a Reply