ရေးဘီလူး အလုပ်နဲ့ သက်သေပြသွားပါပြီ

ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာသွားပြီး စစ်တပ်က ထောင်ထားခဲ့သောမိုင်းများနှင့် ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်း

ရန်ကုန်၊ အောက်တိုဘာ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာသွားပြီး အကြမ်းဖက် စစ်တပ်က ထောင်ထားခဲ့သောမိုင်းများနှင့် ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော်များက ဝါရဟိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်သားများ ထောင်ထားခဲ့သည့် မိုင်းများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများသည် ဝါရဟိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က လိုက်လံ ပိတ်ဆို့ထားမှုကြောင့် စစ်ကြောင်းတစ်ခုလုံးရှေ့ဆက် မတိုးနိုင်ဘဲ ဝါရဟိုင်းကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားသောကြောင့် ရေးဘီလူး အဖွဲ့က ဝင်ရောက် ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဝါရဟိုင်း ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး ရွာသား ၃၀ ကျော်ဖမ်းသွားတယ်။ ကျွန်တော်တို့ စစ်ကြောင်းလိုက်ပိတ်တော့ ပြန်ပြေးဆင်းသွားတယ်။ ကျေးရွာထဲ သူတို့တွေ ထောင်သွားတဲ့ မိုင်းတွေ၊ လိုက်လံဖျက်ဆီးခဲ့တဲ့ နေရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်လည်ထူထောင်ဖို့ ကျွန်တော်တို့ ဒီကျေးရွာထဲကို ဒီနေ့ ဝင်ရောက်ရှင်းလင်းခဲ့တယ်” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဖျက်ဆီးခဲ့မှုကြောင့် ဝါရဟိုင်းကျေးရွာ စာသင်ကျောင်းပျက်စီးခဲ့ပြီး ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသည့် နေရာများ ရှိနေကြောင်း၊ အကြမ်းဖက် စစ်သားများ၏ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများမှာလည်း ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရှိရသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*