မြို့လယ်မှာ ပွဲကြမ်းပြီဟေ့

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဗဟန်းမြို့မ ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်း၊ ဗဟန်းမြို့မ ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ကင်းစောင့်နေသော ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ ကျော်ခန့်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဗဟန်းမြို့မ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း ရဲစခန်းဝင်းရှိ လုံခြုံရေးရဲကင်း အနီးကို ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ဂိတ်ဝတွင် ကင်းယူနေသော ရဲများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခြင်းသည် အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး ပြည်သူများအား နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက်နေသော ဗဟန်းရဲတပ်ဖွဲ့ဝင်များကို “Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” လက်ပစ်ဗုံး ၂ လုံးအသုံးပြု ပစ်ခတ်တိုက်ခိုက်ထားတာပါ။ စခန်းဝင်းထဲ လုံခြုံရေး ရဲကင်းနားအရောက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စခန်းထဲ ဂိတ်ဝရဲကင်းမှာကတော့ ပုံမှန် ရဲခွေး ၂ ကောင် ကင်းယူတယ်။ ဘေးနားက အမြင့်ကင်းမာတော့ ၁ ကောင်ရှိပါတယ်။ ညက ရန်ကုန်ထဲ အစစ်ဆေးတွေ တင်းကြပ်နေတဲ့အထဲက လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ မစ်ရှင်အပြီး ခွေးစခန်းထဲ လူနာတင်ကား ဝင်သွားတာရှိတယ်။ ရဲခွေး ဘယ်နှကောင်ထိလည်း ဆိုတာမျိုးတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပါပဲ” ဟု Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Operation Flame အဖွဲ့နှင့်အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ဘဲ ရန်ကုန် တော်လှန်ရေး မဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမှာ ဖြစ်ကြောင်း၊ ပြည်သူတွေအနေဖြင့်လည်း အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*