တန်ဖိုးဖြတ်မရတဲ့

စစ်အုပ်စုကို စစ်ကြောင်းလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းမှူး နိုင်မင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျဆုံး၊

ဘဦး/MFP၊ စက်တင်ဘာ – ၁၂ ရက်

အာဏာသိမ်း စစ်အုပ်စုကို စစ်ကြောင်းလိုက် ပြုတ်သည်အထိ တိုက်ခိုက် သုတ်သင်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က Union Liberation Front – ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုနိုင်မင်း ဟာ စက်တင်ဘာ ၁၁ရက် မွန်းလွဲပိုင်းက စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဗုံးစထိမှန်ကာ ကျဆုံးတယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို ULF အပါအဝင် ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ကူရာက ULF စစ်ကြောင်းမှူး စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ဗုံးစထိမှန် ကျဆုံးတာလို့ ဆိုပါတယ်။

“Y-12နဲ့ လာကြဲတာ၊ နေရာအတိအကျ သတင်းရတယ် တူပါရဲ့၊ အစ (ဗုံးစ)မှန်တာက အဆုတ် နေရာတည့်တည့်လောက်မှာ ထုတ်ချင်းပေါက်ပဲ” လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးကြောင်း ULF စစ်ကြောင်းကလည်း စက်တင်ဘာ ၁၃ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

“ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း သည် ကနီမြို့နယ်၊ ချောင်းမကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေစဥ် ရှေ့တန်းနေရာမှာ Y- 12 ဗုံးသီးချလေယာဥ်မှ အကြိမ်ရေအားဖြင့် ၁၂ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၁ရက် နေ့လည် ၁၂နာရီခွဲ အချိန်ခန့်မှာ ဗုံးသီးထိမှန် ကျဆုံးခဲ့သည်။ ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ၏ ခေါင်းဆောင်မှု၊ ရဲစွမ်းသတ္တိ နှင့် စွန့်လွှတ်စွန့်စားမှုတို့ကို တော်လှန်ရေးသမိုင်းမှာ ကမ္ဗည်းမော်ကွန်းတင်လျှက် ရဲဘော်တို့၏ စိတ်နှလုံးအိမ်တွင်လည်း အစဥ်ထာဝရ ဥဒါန်းတွင်နေမှာ ဖြစ်သည်။ ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုလျှက် ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း အေးချမ်းစွာအနားယူပါ၊ ကောင်းရာသုဂတိလားပါစေ” လို့ ULF စစ်ကြောင်းက ဖော်ပြပါတယ်။

ULF စစ်ကြောင်းမှူး ကိုနိုင်မင်းဟာ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ ဒု-တာဝန်ခံဖြစ်ပြိီး တိုက်ခိုက်ရေးမှာ အလွန်တော်ကာ အားကိုးအားထားရသူဖြစ်သလို ရဲဘော်တွေနှင့် လုပ်ဖော်ကိုင်ဖက်တွေက လေးစားချစ်ခင်ရတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်တယ်လို့ ရဲဘော်ရဲဘက်တွေက ပြောပါတယ်။

ULF စစ်ကြောင်းမှူး ကိုနိုင်မင်း ကျဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်း ရဲဘော်ရဲဘက်၊ အညာဒေသ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

စစ်ကြောင်းမှူး ကိုနိုင်မင်း ဦးဆောင်တဲ့ ULF စစ်ကြောင်းဟာ မုံရွာနဲ့ ယင်းမာပင်ခရိုင်အတွင်း စုဖွဲ့မှုရော တိုက်ရည်ခိုက်ရည်ပါ ကောင်းတဲ့ တပ်ပေါင်းစု စစ်ကြောင်းဖြစ်ပြီး ဘုတလင်၊ မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီ စတဲ့ မြို့နယ်တွေအတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သစ္စာခံတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေကို အကြိမ်ကြိမ် ခုခံတိုက်ခိုက်ခဲ့ကာ စစ်အုပ်စု စစ်ကြောင်းလိုက်ပြုတ်သည်အထိ သုတ်သင်နိုင်တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကနီမြို့နယ်ထဲ အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးကာ ရွာမီးရှိ့၊ လူသတ်၊ လုယက်နေပြီး ဒေသခံ တော်လှန်ရေးတပ်တွေက အဲ့ဒီ စစ်အုပ်စုကို တိုက်ခိုက်ချိန် တိုက်လေယာဉ်၊ ပါရာမော်တာ၊ Y-12၊ ဟောင်ဝစ်ဇာ လက်နက်ကြီး စတာတွေနဲ့ ပစ်ကူပေးတာ၊ ဒေသခံပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ULF(စစ်ကြောင်း) ကို ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီနဲ့ ဘုတလင်မြို့နယ်က တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့ ၂၀ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

ကျဆုံးသူ ULF စစ်ကြောင်းမှူး ကိုနိုင်မင်း/Photo – ULF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
Mandalay Free Press – MFP

Be the first to comment

Leave a Reply

Your email address will not be published.


*