နောက်လမကျော်ဘူးလို့

ကျောက်ပန်းတောင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးပြင်းထန်ဒဏ်ရာရ၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးပြင်းထန်ဒဏ်ရာရပြီး စစ်ကြောင်း တစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြောင်း Popa Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကြောင်း တစ်ခုလုံး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“အဲစစ်ခွေး စစ်ကြောင်းက ကျောက်ပန်းတောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာပါ။ မိုင်းထိတာကတော့ ဗိုလ်ထိတာသေချာတယ်။ သူတို့ ခဏနားတဲ့ ရွာမှာ အချင်းချင်းရန်ဖြစ်တာဆိုပြီး ပြည်သူတွေကိုသတင်းလွှင့်ပြီး ဆေးကုဖို့ ညတွင်းချင်း စစ်ကြောင်းတစ်ခုလုံး ပြန်လည်ဆုတ်ပြေးသွားပါတယ်။ ကျွန်တော်တို့ မိုင်းဆွဲတဲ့ ရဲဘော်တွေကိုလည်း RPG နဲ့ ပြန်ထုပေမယ့် အားလုံးဘေးကင်းပါတယ်” ဟု Popa Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yae Nagar People Defined Force က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ချောင်းဦးနှင့် နတ်ရေကန် အကြားတွင် အထိုင်ချ တပ်စွဲပြီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yae Nagar People Defined Force ၊ Seven Defend Force နှင့် ဇာမနီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*