
ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို နှိပ်စက် သတ်ဖြတ်ပြီး တိုက်ရွာရှိ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို နှိပ်စက် သတ်ဖြတ်ပြီး တိုက်ရွာရှိ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က တိုက်ရွာ အထက်ရွာနှင့် အောက်ရွာကို ထပ်မံဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်း နေထိုင်သော စိတ်ရောဂါ ခံစားနေရသည့် ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း တိုက်ရွာ အထက်ရွာကို ဝင်ရောက်စီးနင်းစဉ်က ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ်အတွင်းရှိ စဉ့်ကိုင်မြောက်ရွာ ၊ တိုက်ရွာ အထက်ရွာ ၊တိုက်ရွာ အောက်ရွာ ၊ တမာကန် ၊ ရှိမ်းမကားရွာ၊ မင်းကုန်းရွာ၊ ငါးတိုက်တောင်ရွာ၊ အင်ဒေါင်းရွာနှင့် ဖိုဝင်းတပ်ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက တိုက်ရွာ အထက်ရွာနဲ့ အောက်ရွာကို ဒီနေ့ထပ်ပြီးတော့ ဝင်ရောက်စီးနင်းတယ်။ နောက်ပြီး အဲစစ်ခွေး စစ်ကြောင်းက တိုက်ရွာအတွင်းမှာနေထိုင်တဲ့ စိတ်ရောဂါ ခံစားနေရတဲ့ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီး နှိပ်စက်သတ်ဖြတ်သွားတယ်။ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထပ်ရှောင်နေရတုန်းပဲ။ မြေပြင် ခွေးစစ်ကြောင်းက အခုထိရှိနေသေးတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာ ၊ အင်ဒေါင်းရွာ ၊ ရုံပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာ နှင့် တပ်သာရွာတို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦး ရှိကြောင်းသိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် Wetlet Informational Network က အသိပေး ပြောဆိုထားသည်။
Leave a Reply