သူတောင် အလင်း၀င်လာပြီပဲ

ကလောမြို့ ခလရ ၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဖြိုး‌မင်းစံ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်၊ ကလောမြို့ ခလရ ၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဖြိုး‌မင်းစံ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Danu People’s Liberation Front – DPL‌F သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ကလောမြို့ ခလရ ၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဖြိုး‌မင်းစံသည် သေနတ် ၁ လက်နှင့် ကျည်များ ယူဆောင်လာပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

အလင်းဝင်ရောက်လာသော တပ်သားသစ် ဖြိုး‌မင်းစံဆိုသူသည် အသက် ၂၅ နှစ်အရွယ် စစ်မှုထမ်း မဲနှိုက်စနစ်ဖြင့် ပြင်ဦးလွင် အကြမ်းဖက် စစ်တပ်ထံ ရောက်ရှိလာပြီးနောက် ကျိုင်းတောင်း အမှတ် ၃ အခြေခံစစ်သင်တန်းကျောင်းတွင် သင်တန်း ၃ လကြာ တက်ရောက်ခဲ့ပြီး ကလောမြို့ တပ်မ ၅၅ လက်အောက်ခံ ခလရ ၇ တပ်ရင်းတွင် တပ်သားအနေဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရှိသည်။

အကြမ်းဖက် စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေဖြင့် တပ်သားသစ်များကို စုဆောင်းကာ အလိုမတူဘဲ ပေါ်တာဆွဲတာခြင်းများ လုပ်ဆောင်‌နေပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ရှိနေကြောင်း၊ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲမတိုင်ခင် စစ်မှုထမ်းခေါ်ထားသော တပ်သားသစ်များသည် ရှေ့တန်းစစ်မြေပြင်တွင် အများအပြား အသုံးပြုပြီး တော်လှန်ရေးတပ်‌များ ထိန်းချုပ်ထားသော နေရာ‌များကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်းတပ်သားပါ။ ရှေ့တန်းစစ်မျက်နှာပြင်ကနေ တဆင့် အလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၃ ကပါ။ စစ်မှုထမ်း သင်တန်းကို ကျိုင်းတောင်းကျောင်း‌ဆင်းပါ။ သေနတ် ၁ လက်နဲ့ ကျည် အနည်းငယ်ပါပါတယ်။ စစ်မှုထမ်းခေါ်ခံရသူတွေ အများအပြား ထွက်ပြေးတာတွေရှိနေပြီးတော့ တချို့တွေလွတ်မြောက်သွားပြီး ပြန်ဖမ်းမိတာတွေလည်းရှိတယ်လို့လည်း သိရတယ်။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ကတော့ အဲတာနဲ့ပတ်သတ်ပြီးတော့ တာဝန်ရှိသူတွေ စီစဉ်လျှက်ရှိပါတယ်” ဟု Danu People’s Liberation Front – DPLF သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*