အခြေအနေထူးပြီဟေ့

တောင်ငူမြို့နယ်တွင် စစ်တပ် တပ်စွဲထားသောနေရာများနှင့် လှည့်ကင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

ပဲခူတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများနှင့် လှည့်ကင်းကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Kenni Twilight Zone မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်၊ ၂၆ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ပဒဲကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်ငူ-လိပ်သို လမ်းပိုင်းရှိ သံမိုးတောင်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဇလဲစခန်းမှ တောင်ဇလဲရွာသို့ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို ဇလဲစခန်းနှင့်တောင်ဇလဲရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ ထပ်တိုးသေတာမျိုးမရှိပါဘူး။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ပြည်သူတွေ အစစအရာရာ ဂရုစိုက်ပေးကြပါလို့ ပြီးတော့ အားတင်းထားကြပါလို့ ပြောချင်ပါတယ်” ဟု Kenni Twilight Zone မှတာဝန်ရှိသူက ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*