ခေတ်သစ်က လင်းလိုက်ပြီဟေ့

လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် အင်အား ၇၄ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကရင်‌ကြီးကျေးရွာနှင့် ကမ်းပနီကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု ၂ ကြိမ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ကူ အပါအဝင် စစ်သင်္ဘောများကလည်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ကမ်းပနီကျေးရွာကို စစ်ကြောင်း ထိုးဝင်ရောက်ကာ ကမ်းပနီကျေးရွာနှင့် ပညစ်ကျေးရွာကြားရှိ ဘုရားတောင်တွင် တပ်စွဲထားချိန် တော်လှန်ရေး တပ်ဖွဲ့များကလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူရကစစ်ကြောင်း ၊ ရာမညမွန်တပ်တော် (R.M.A) နှင့် လောင်းလုံး ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ပေါ်ကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*