ပေါက်မြို့နယ်အတွင်း စစ်ကြောင်ထိုးလာသည့် စစ်တပ်မှ ပြည်သူပိုင်နေအိမ်အတွင်း ကြက်ဝင်ဖမ်းသည့် စစ်သား ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ မိုင်းနင်းမိသော စစ်သား ၂ ဦးလည်း သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်ထိုးလာသည့် အကြမ်းဖက် စစ်တပ်မှ ပြည်သူပိုင်နေအိမ်အတွင်း ကြက်ဝင်ဖမ်းသည့် စစ်သား ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Young Revolution Front မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် တောင်ပိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော နယ်မြေကို စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပုသိမ်-မုံရွာ လမ်းပိုင်းကို ရောက်ရှိလာပြီးနောက် ယင်းနေ့ နံနက်အစောပိုင်းတွင် ချက်ကန်ရွာ စာသင်ကျောင်းကို စတင်ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်သားများက ယင်းနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ် ၇ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၃ ဦးသည် ယင်းနေ့ ညနေ ၅ ခန့်တွင် ပြည်သူပိုင်နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကြက်ခိုးရန် လုပ်ဆောင်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့ ကိုင်ဆောင်သော MA – 2 သေနတ် ၁ လက် ၊ MA – 3 သေနတ် ၁ လက်နှင့် ကျည် ၁၀၀၀ ခန့်အပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဒီစစ်ကြောင်းက ချက်ကန်ရွာကို ရောက်တာက ၃၁ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ရောက်လာတာ သူတို့ တပ်စွဲတာက စာသင်ကျောင်းထဲမှာ တပ်စွဲတာ စစ်ခွေးတွေက ချက်ကန်ရွာက နေအိမ် ၇ လုံးလောက်ကိုလည်း မီးရှို့သွားတယ်။ အဲစစ်ခွေး စစ်ကြောင်းထဲက စစ်ခွေး ၃ ကောင်က ကျနော်တို့ ရှိနေတဲ့နားက အိမ်မှာ ကြက်လာဖမ်းတဲ့ စစ်ခွေး ၃ ကောင်ပေါ့။ ကြက်လာဖမ်းတဲ့ထဲမှာ စစ်ခွေး ၂ ကောင်က သေနတ် ၂ လက်ပါတယ်။ ၁ ကောင်က သေနတ် မပါဘူး။ သူတို့ ကြက်ဖမ်းတဲ့ အချိန်မှာ ၁ ကောင်က သေနတ်ကို လွယ်ထားတယ်။ ကျန် ၁ ကောင်က သေနတ်ကို ချထားပြီး ကြက်ကိုမဲနေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီးတော့ ဝိုင်းပြီးတော့ ဝင်ဖမ်းတာ သေနတ်လည်း ၁ ချက်မှ မဖောက်လိုက်ရဘဲနဲ့ ဖမ်းမိခဲ့တာ” ဟု Young Revolution Front မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးမှုကို Young Revolution Front နှင့် ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ချက်ကန်ရွာမှ ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ ထွက်ခွာသွားသော စစ်ကြောင်းမှ ဒီးဒုတ်ကွင်းရွာဘက်သို့ သွားသည့် စစ်သားများသည် Young Revolution Front မှ ထောင်ထားသည့် မိုင်းများနင်းမိပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကာ ရုပ်အလောင်းများကိုထားရှိခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များက မြေမြုပ်သဂြိုလ်ပေးလိုက်ရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်း၌ လိုက်ပါနေသော စစ်သားများသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ကျဆင်းနေပြီး ခဲယမ်းများကိုလည်း စစ်ကြောင်းဖြတ်သန်းသွားရာ လမ်းတောက်လျောက်၌ စွန့်ပစ်ထားခဲ့သောကြောင့် ပြည်သူများ အနေဖြင့် တော်လှန်ရေးတွင် စိတ်ဓာတ်တက်ကြွစွာ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း Young Revolution Front မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။


Leave a Reply