စစ်သား ၅ ဦး သေဆုံးပြီး

ဆားတောင်မြို့တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ် ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ဆားတောင်မြို့ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၆၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို စစ်ကိုင်းခရိုင်ကွပ်ကဲရေး၏ လမ်းညွှန်ချက်ဖြင့် ဆားတောင်မိုးကြိုး ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ MA-1 သေနတ် ၁ လက်၊ ၆၀ မမ ဗုံး ၂ လုံး၊ ကျည်ဘောက် ၃ ခု နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ဆားတောင်အနောက်ဘက် ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့အတွက် ထွက်လာတာ ကျွန်တော်တို့ တစ်ဖွဲ့တည်း စစ်ကိုင်းခရိုင်စစ်ဌာနလမ်းညွှန်ချက်နဲ့ ကြားဖြတ်တိုက်ခဲ့တာပါ။ စစ်ခွေး အရှင်ဖမ်းမိတာတော့မရှိဘူး။ ဆားတောင်ကနေ အနောက်ဘက် ကျေးရွာတွေကို သွားတဲ့လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး စစ်ကြောင်းကတော့ ဆားတောင်ဘက်ကို ပြန်ဆုတ်သွားတယ်”ဟု ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများစွာ ခွဲ၍ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာနေရာ ပြည်သူ ရာပေါင်းများစွာမှာလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသော ပရဟိတအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*