မနိုင်တော့ပါဘူး ကြေညာလိုက်စမ်းပါ

နွားထိုးကြီးတွင် စစ်တပ်အထိုင် စခန်းနှင့် စစ်ကား ၁ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊ မြိုင်မြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မိုးကံရွာရှိ အကြမ်းဖက် စစ်တပ်အထိုင် စခန်းနှင့် စစ်ကား ၁ စီးကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ တို့တွင် နွားထိုးကြီးမြို့နယ်၊ မိုးကံရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် အင်အားဖြည့်ရန် လာသည့် စစ်ကား ၁ စီး တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ရက်ဆက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ စစ်းကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပထမရက် တိုက်ခိုက်တာက အထိအခိုက်နည်းတယ်။ နောက်ရက်မှာ စစ်ခွေးအင်အား ကားနဲ့ လာဖြည့်တာကို သိရလို့ ကျွန်တော်တို့ ဒရုန်းနဲ့ စောင့်ပြီးချခဲ့တယ်။ ဒရုန်းနဲ့ ၃စီးနဲ့ချတာပါ။ နှစ်ရက်ပေါင်းကို စစ်ခွေး ၆ ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်ပျက်စီးတာကတော့ ကားတစ်စီး ထိခိုက်တယ်။ စစ်ခွေးတွေဘက်ကလည်း UAV ဒရုန်းကင်းထောက်ပြီး ချတာကြောင့် ကျွန်တော်တို့ အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်း ဘက်က ကား ၁ စီးလည်း ထိခိုက်ပျက်စီးသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း ၊ နွားထိုးမြို့နယ်ပ.က.ဖ ၊ ရေစကြိုတပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈နာရီ ၂၄မိနစ်ခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူစောထီးရွာတွင် နွားစာရိတ်ရန် ထွက်လာသော ပျူစောထီး ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားပြီး သိန်းတန် အမည်ရှိ ပျူစောထီး ၁ ဦး ရင်ဘတ်ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စထွက်လာတာ တစ်ကောင်တည်းပါ။ နောက်မှ စစ်ကူတွေ ထွက်လာကြတာပါ။ ပျုစောထီး ၁ ဦးက နေရာတွင် ပွဲချင်းပြီး သေဆုံးတယ်။ “ဟု ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁ ၊ တပ်ခွဲ -၄ (စကြာ်) ၊ ဒေါင်းမာန်တပ်ဖွဲ့ ၊ အညာမြေတပ်ပေါင်းစု ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းညီနောင်တပ်ဖွဲ့ နှင့် TYK ပြောက်ကျားတပ်ဖွဲ့တို့၏ စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ဖြင်းဖြစ်ကြောင်းသိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*