
ပဲခူးရိုးမအတွင်း ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၈၀) ဦး ကျော်သေဆုံး
BVJ / ဇော် – ဇူလိုင် ၂၀ ၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ၂ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က မနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်မှာ ပဲခူးရိုးမထဲရှိ စပါးကြီးချောင်းမှာ စခန်းချနေတဲ့ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ကြာပြီးနောက် စစ်ကောင်စီတပ်သား (၃၀) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“စပါးကြီးချောင်းမှာ တပ်စွဲတဲ့စစ်ကောင်စီတပ်တွေက သူတို့အလစ်အငိုက်ကို သွားတိုက်ခိုက်တာမို့ စစ်ကောင်စီတပ်သား ၃၀ က နေရာမှာတင်သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ပါတယ်။ စစ်ကောင်စီတပ်သားအင်အားအရမ်းများတော့ လက်နက်မကောက်နိုင်ပါဘူး။ ပြီးတော့သူတို့ ဘန့်ဘွေးကုန်းကိုပြန်ဆုတ်သွားတယ်။ အဲ့မှာနောက်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီးမှ ခါချဥ်တောင်ကိုစစ်ကြောင်းထိုးလာတာ” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
ဇူလိုင် ၁၄ ရက်နေ့ မနက် ၇ နာရီခွဲခန့်မှာ ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးကုန်းမှာ အထိုင်ချနေတဲ့ အင်အား ၄၀၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့ တပ်စွဲထားတဲ့ ခါချဉ်တောင်ပေါ်ကို စစ်ကြောင်းထိုးလာတာကြောင့် ၄၈ ပေါက်၊ ဥတလုံးတောင်နဲ့ ခါချဉ်တောင်တို့မှာ ညနေ ၄ နာရီအထိ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်သား (၈၀) ကျော်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းထိမှန်ခဲ့တာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်ဇာမဏီ ကျဆုံးခဲ့ရပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
“၁၄ ရက်နေ့မှာ (၅၀) ကျော်ကိုလည်း အတင်းတက်ချလာတာကို အပေါ်စီးကပစ်ရတာမို့ လဲပြီးပြန်မထနိုင်တာကို မျက်မြင်ပဲအတည်ပြုနိုင်တာပါ။ စစ်ကောင်စီတပ်တွေ သေတာအရမ်းများတော့ (၅၀) ဘယ်နှစ်ဦးဆိုတာမျိုး ရေဖို့ခက်တယ်။ ၁၃ရက်နေ့ က (၃၀) ဦး၊ ၁၄ရက်နေ့က (၅၀) ဦးကျော်ပါ။ သေတာစုစုပေါင်း (၈၀) ဦးကျော်ပါတယ်။ ခါချဥ်တောင်ကနေ ၁၆ရက်နေ့ကပြန်ဆုတ်သွားတာ ခုတော့ စစ်ကောင်စီတပ်တွေ ဘန့်ဘွေးကုန်းမှာပါပဲ” လို့ ဆက်လက်ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်း ၃ စီးတို့နဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ ခါချဉ်တောင်စခန်းကနေ ဆုတ်ခွာပေးခဲ့ရပြီး ဆိုင်ကယ် (၂) စီး၊ မိုးကာ၊ ဆိုလာပြား၊ ဆန်အိတ်တွေနဲ့ အိုးခွက်ပန်းကန်တွေ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပဲခူးရိုးမအတွင်း သွားလာခြင်းမလုပ်ဖို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာလည်း ခါချဉ်တောင်ပေါ်တတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ – သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ (၅)
Leave a Reply