အခြေအနေဆိုးနေပြီ

ရန်ကုန်လမ်းမများပေါ်ရှိ သက်ကြီးဆံဖြူများကိုလည်း စစ်တပ် ပေါ်တာဆွဲနေ

ဇူလိုင်လ ၂၉ ရက်

ရန်ကုန်မြို့ လမ်းမများပေါ်ရှိ အသက်ကြီးသူများကိုလည်း စစ်ကောင်စီတပ်ကပေါ်တာဆွဲနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လမ်းမများပေါ် သွားလာနေသော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရရှိမှု နည်း လာသည်နှင့်အမျှ စစ်ကောင်စီတပ်က အသက်ကြီးသူများပါမချန် ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်ထံက သိရသည်။

“ပြီးခဲ့တဲ့ ၁၅ရက်ကျော်ကပဲ ရန်ကုန်မြို့စွန်ပိုင်းမှာနေတဲ့ အသက် ၅၅နှစ် ခေါင်းဖြူနေပြီ။ည၈နာရီ ကျော်လောက် အိမ်အပြန် လမ်းမှာ အဖမ်းခံရလို့ ကျနော်တို့ ရဲအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ လိုက် ရွေးထုတ်ခဲ့ရသေးတယ်။၁၀သိန်းပေးလိုက်ရတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ရန်ကုန်မြို့၊ဆင်ခြေဖုံးရပ်ကွက်များတွင် စစ်ကောင်စီတပ်က ညဘက် ကင်းလှည့်ကာ လူငယ်များကို အဓိကပေါ်တာဆွဲ လျက်ရှိရာ ဖမ်းဆီးရရှိမှု တဖြည်းဖြည်းနည်းလာသဖြင့် သက်ကြီးပိုင်းများလည်း ဖမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတည်းကလည်း သက်ကြီးပိုင်းဖမ်းတယ်။အခုနောက်ပိုင်း ပိုဖမ်းတယ်။ နောက်ဆိုရင် ပိုတောင် ဖမ်းဦးမယ်။လူငယ်တွေ ဖမ်းမိတာ နည်းလာလေ ပိုဖမ်းလေပဲ။ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီ၊ဆံပင်ဖြူနေပြီဆိုပြီး အေးဆေးပဲလို့ မယူဆကြပါနဲ့။ လက်ရှိဖမ်းတာကတော့ သက်ကြီးပိုင်းမို့ စစ်မှုထမ်းထဲ ပို့မရဘူးဆိုတောင် ခြိမ်းခြောက်ပြီး ငွေညှစ်လို့ရတယ် လေ။သိရသ လောက် သက်ကြီးမို့လို့ စစ်မှုထမ်းထဲ ထည့်မရဘူးဆိုတာလည်း မရှိပါဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။

ဇူလိုင်၁၆ရက်၊နံနက်၈နာရီခန့်တွင် ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊၂ရပ်ကွက်၊ ဘောဂသိဒ္ဓိလမ်းရှိ ဆောက်လက်စတိုက်၌ နေထိုင်သည့် အသက်၅၀ခန့်ရှိကိုဆံရှည်ဆိုသူကို ပျူစောထီး၄ဦးက စစ်မှုထမ်းရန် လာ ခေါ်ရာ မလိုက်ဟု ငြင်းဆိုသဖြင့် အိမ်ပေါ်မှဆွဲချ၍ ဓားဖြင့် ၂ချက်ထိုးသွားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

ဇူလိုင်၂၁ရက်မှ ၂၇ရက်အတွင်း ရန်ကုန်မြို့ လမ်းမပေါ်ရှိနေသည့် လူငယ်၂ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဇူလိုင်၁၄ရက်မှ ၂၀ရက်အတွင်း လူငယ်၂၉ဦးကို ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

အလုပ်ရမည်ဟု လိမ်ခေါ်ကာ စစ်မှုထမ်းရန်အတွက် ရောင်းစားမှုများကို ရန်ကုန်တွင် မကြာခဏ တွေ့လာရပြီးဇွန်လအတွင်း ယင်းသို့လိမ်လည်ကာ စစ်မှုထမ်းထဲသို့ ပို့ဆောင်ခံရသူ ၈ဦး ရှိကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသေးသည်။

#MPA
#HlaingInfo

Be the first to comment

Leave a Reply

Your email address will not be published.


*