
လှိုင်သာယာမှာ စက္ကူစက်ရုံ ၀န်ထမ်း ၁ ဦးကို လှည့်ကင်းရဲတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့က ဖမ်းဆီးရိုက်နက်မှုကြောင့် လက်လွန်သေဆုံး
ဇူလိုင် ၁၇၊ ၂၀၂၅။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စက္ကူစက်ရုံ၀န်ထမ်း အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးရိုက်နက်မှုကြောင့် လက်လွန်သေဆုံးမှု ဖြစ်စဥ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း မိသားစု၀င်များထံမှ သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့၏အကြောင်းမဲ့ ဖမ်းဆီး ရိုက်နက်မှုကြောင့် သေဆုံးသူ အသက် ၄၃ နှစ်အရွယ် ကိုမိုးကျော် ကို ဇူလိုင် ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် စက်ရုံမှ အလုပ်အပြီး အိမ်ပြန်ချိန်တွင် လှည့်ကင်းပတ် လှည့်လာသည့်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး တွံတေးတံတားအနီးဂိတ်တွင် ရိုက်နက် စစ်ဆေးရာမှ ပြင်းထန်သည့် ဒဏ်ရာကြောင့် ဇူလိုင် ၁၁ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု မိသားစု၀င်များက ပြောသည်။
“ကိုမိုးကျော်က စက္ကူစက်ရုံမှာ စက်ရုံခေါင်းဆောင်ပါ၊ စက်ဘီးနဲ့ အလုပ်ကပြန်တဲ့ အချိန်မှာ ဖမ်းခံရတာပါ၊ သူဖမ်းခံရတဲ့အချိန် ဖုန်း အကြိမ်ကြိမ်ဆက်တာ မရဘူး၊ နောက်ဆုံး ဖုန်းကိုင်တဲ့အချိန်မှာ ရဲလား ပျူလား မသိဘူး တစ်ယောက်က ကိုင်တယ် ဒီမှာ ရူးကြောင်ကြောင်နဲ့ လူတစ်ယောက် ရောက်နေတာ မင်းတို့နဲ့ ဘာတော်လည်း လာကြည့်ပါဆိုလို့ သွားကြည့်တာ”ဟု မိသားစု၀င်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူ ကိုမိုးကျော်သည် အရက်နှင့် မူးယစ်ဆေး၀ါး သုံးစွဲသူ မဟုတ်ကြောင်း၊ မိသားစုကို လုပ်ကိုင်ပြုစုနေသူတစ်ဦး ဖြစ်ကြောင်း ပြောသည်။
သေဆုံးသူနှင့် အမျိုးတော်စပ်သူတစ်ဦးကလည်း ” သူ့ကို ၁၀ ရက်နေ့ ညပိုင်းမှာ တွံတေးစစ်ဆေးရေးဂိတ်မှာ သွားတွေ့တဲ့အချိန်မှာ မျက်နှာမှာ ဖူးယောင် ဒဏ်ရာတွေအပြင် တစ်ကိုယ်လုံးမှာလည်း ရိုက်နက်ထားတဲ့ ဒဏ်ရာတွေနဲ့ အရေးပေါ် ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်”ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီအဖွဲ့က အကြောင်းမဲ့ ရိုက်နက်မှုကြောင့် ကိုမိုးကျော်သည် ဇူလိုင် ၁၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်၌ လှိုင်သာယာဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ ကိုမိုးကျော်တွင် ဇနီးနှင့် အသက် ၉ နှစ်၊ အသက် ၅ လ အရွယ် ခလေးငယ် နှစ်ဦး ကျန်ရစ်ခဲ့ပြီး ရဲတပ်ဖွဲ့က မကြာခဏ လာရောက် စစ်ဆေးမေးမြန်းမှုများကြောင့် အမှုဖွင့် တိုင်ကြားထားခြင်း မရှိသလို မိသားစု၀င်များလည်း ရှောင်တိမ်းနေရပြီး ရိုက်နက်မှု ကျူးလွန်သူများကို ထိရောက်သည့် အရေးယူမှုကို လိုအပ်ကြောင်း မိသားစု၀င်များက ပြောသည်။
BHRN
Leave a Reply