မြို့ပေါ်တတ် ဆော်နေပြီဟေ့

သံဖြူဇရပ်မြို့နယ်တွင် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာအနီး၌ ကင်းပုန်းဝပ်နေသော အကြမ်း ဖက် စစ်သားများကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၄ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဒီဖြစ်စဉ်မှာ အနင်းကျေးရွာ ဘူတာရုံ ဘေးနားမှာရှိတဲ့ စစ်ခွေး ကင်းပုန်းကို ပြောက်ကျားသွားပြီး တိုက်တာဖြစ်တယ်။ တိုက်တဲ့အချိန်ကတော့ ၁၀ နာရီ ဝန်းကျင်လောက်မှာ သွားတိုက်တယ်။ တိုက်ပြီးတော့ တိုက်ပွဲမှာဆိုရင် စစ်ခွေး ၄ ကောင် သေတယ်။ စစ်ခွေး သေစာရင်းက မျက်မြင် အတည်ပြုနိုင်ခဲ့တယ်။ ကင်းပုန်းဝပ်တာက ခန့်မှန်းခြေ အင်အား ၁၅ ကောင် လောက်ရှိပါတယ်”ဟု Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှတပ်များဖြစ်သည့် MSRF နှင့် YPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*