သူတောင် အလင်း၀င်လာပြီပဲ

ဧရာ၀တီတိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း ကလေးစစ်သား မောင်ဇင်ကိုကို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၉

ဧရာ၀တီတိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း ကလေးစစ်သား မောင်ဇင်ကိုကိုက တာဝန်ကျရာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခမရ ၄၀၄ မှ လက်နက်ခဲယမ်းများယူဆောင်၍ တော်လှန်ရေးတပ်ထံသို့ အလင်းဝင်လာကြောင်း PDF Dawei District Battalion 2 – P23302 သတင်းနှင့်ပြန်ကြားရေးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧရာ၀တီတိုင်းတွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်ဇင်ကိုကိုသည် ယခုနှစ်ကျောင်းပိတ်ရက် အိမ်၏ စီးပွားရေး အဆင်မပြေ၍ စပါးထွက်ထမ်းခဲ့ကြောင်း၊ ယင်းနောက် ညပိုင်း အိမ်ပြန်စဉ် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ ယင်းနောက် တောင်တွင်းကြီးမြို့နယ် အမှတ် စစ်အခြေခံ လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁/၂၀၂၅ တက်ရောက်ခဲ့ရပြီး သရက်ချောင်းမြို့နယ်၊ ခမရ ၄၀၄ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ယခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန် ရေးတပ်ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတာက ၂၅ ရက်နေ့က ဝင်လာတာပါ။ သူက တပ်ကနေထွက်ပြေးလာတယ်။ အဲဒီမှာ ကျနော်တို့ ရဲဘော်တွေနဲ့တွေ့ပြီး တစ်ခါတည်းအလင်းဝင်လိုက်လာပါတယ်။ တပ်ကတော့ ခမရ ၄၀၄ ကပါ။ စစ်မှုထမ်း အပတ်စဉ်ကတော့ အပတ်စဥ် ၁/၂၀၂၅၊ စစ်မှုထမ်းသင်တန်းကို တောင်တွင်းကြီးမြို့၊ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးမှာပါ။ အလင်းဝင်ရောက်လာတဲ့သူက သေနတ်ပါသေးလားဆိုတော့ သေနတ်ပါ ပါတယ်။ ဂုဏ်ပြုငွေက သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြဆောင်ရွက်သွားရမှာပါ။ အလင်းဝင်ရောက်လာတဲ့သူက ဘယ်လိုမျိုး ပေါ်တာအဆွဲခံရတာဆိုတော့ ကျောင်းပိတ်ရက်မှာ စပါးထမ်းသွားရင်း ည ၉ နာရီမှ ပြန်ရတော့ လမ်းမှာ အဆွဲခံရတာပါ။ အလင်းဝင်ရောက်လာတဲ့သူကယူဆောင်လာတဲ့ ပစ္စည်းတွေကတော့ MA- 1 ရယ် ကျည်ဘောက် တွေရယ် ကျည်ရယ်။ “ဟု PDF Dawei District Battalion 2 – P23302 သတင်းနှင့်ပြန်ကြားရေးက ပြောဆိုသည်။

မောင်ဇင်ကိုကိုသည် အသက် ၁၆ နှစ်သာ ရှိသေးသော အသက်မပြည့်သေးသည့် ကလေးငယ် ဖြစ်သော်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့်အပြင် စစ်သင်တန်းသို့ ပို့ဆောင်ကာ သင်တန်းတက်ရောက်စေခဲ့ကြောင်း၊ အသက်မပြည့်မှန်းသိလျက်နှင့်ပင် စစ်တပ်က ၎င်းကို စစ်မှုထမ်းခိုင်းသည့်အပြင် ရှေ့တန်းသို့ပါ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*