အုပ်စုလိုက် အလင်းဝင်ကုန်ပြီ

ကျောက်ပန်းတောင်း၊ လက်ပံပျား နယ်မြေရဲစခန်းအနီး ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုစိုးမင်းနိုင် ကျည်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၆

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျား နယ်မြေရဲစခန်းအနီး ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုစိုးမင်းနိုင် ကျည်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၂၁ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ခလရ-၂၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုစိုးမင်းနိုင်သည် ကျည်နှင့် ခဲယမ်းများ ယူဆောင်လာပြီး မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG သို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သား ကိုစိုးမင်းနိုင်သည် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားရဲစခန်းအနီး ဖြတ်သန်းသွားစဉ် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဗထူးလေ့ကျင့်ရေးတပ်တွင် စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီးနောက် ရေစကြိုမြို့နယ် ခလရ-၂၅၇ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပို့ဆောင်ခံရပြီး ၅ လအကြာတွင် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG သို့ ဆက်သွယ်ကာ ၅.၅၆ ကျည် ၁၁၃ တောင့်၊ လက်ပစ်ဗုံးသီး ၂ လုံးတို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

“အလင်းဝင်လာတာ‌ကတော့ အရင် သူ့ရှေ့က ၃ ဦး အလင်းဝင်ဖူးတယ်။ သူတို့ရဲ့ အဆက်သွယ်နဲ့ပဲ ဒီတစ်ယောက်ကထပ်ပြီးအလင်းဝင်းရောက်လာတာပါ။ သူက ကျောက်ပန်းတောင်းမြို့နယ်ပဲ စစ်မှုထမ်းတာကတော့ ရေစကြို ခလရ -၂၅၇ ကပါ။ လက်ပံပျားရဲစခန်းနားမှာ အဆွဲခံထိတယ်လို့ပြောတယ်။ စစ်မှုထမ်း သင်တန်းကတော့ အပတ်စဉ် ၁၀ ကပါ။ သင်တန်းကာလ သုံးလ တာဝန်ထမ်းဆောင်ကာလ ငါးလ လို့ပြောပါတယ်။ အလင်းဝင်ရောက်လာတဲ့သူကတော့ သေနတ်မပါဘူး။ ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ရှိပါတယ်။ ထိုက်သင့်သလောက်ချီးမြှင့်လိုက်ပါတယ်”ဟုမြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*