
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို UG များမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ လုံခြုံရေးယူနေသည့် ရဲ ၂ ဦးသေဆုံးနိုင်ဟု ဆို
သြဂုတ်လ၂၃ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရဲတပ်ဖွဲ့မှူးရုံး (ခေါ်) မြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက်ထိခိုက်သေဆုံးနိုင်ခြေရှိကြောင်း Mother Son Yangon Force မြို့ပြ UG အဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကို ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်၊ မနေ့က ညပိုင်းမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်းနဲ့ ကျွန်းရွှေဝါလမ်းထောင့်မှာရှိတဲ့ မြို့မရဲစခန်းဝန်းအတွင်းကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ည ၈နာရီလောက်မှာ သွားပစ်ခဲ့တာပါ။ အဲ့ရဲစခန်းရှေ့မှာ ဓမ္မာရုံရှိတယ်။ ဓမ္မာရုံက ရွေးကောက်ပွဲအတွက် စည်းရုံးထားတဲ့တဲ့အဖွဲ့တွေရယ် စစ်သားတွေရယ်ရှိတယ်။ ပထမတစ်လုံး ပစ်တာမှာ မကွဲဘူး။ နောက်တစ်လုံးကျမှ ကွဲတာပါ။ ကွဲပြီးပြီးချင်း အဲ့နားကသူတွေ အကုန်ဗရုတ်သုတ်ခ ဖြစ်ကုန်တယ်။ ဂိတ်ဝတည့်တည့်မှာ ကျလို့ ရဲနှစ်ယောက်တော့ ပက်လက်ဖြစ်သွားကြတယ်။” လို့ Mother Son Yangon Force အဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲသံအပါအဝင် ရဲစခန်းအတွင်းကပစ်ခတ်လိုက်တဲ့ သေနတ်သံတစ်ချက်ကိုလည်း သေချာကြားရကြောင်း ရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Mother Son Yangon Force မြို့ပြ UG အဖွဲ့ နဲ့အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်လမ်းမနဲ့ မောင်းမကန်လမ်းမထောင့်မှာရှိတဲ့ ဧရာဝဏ်ရဲစခန်းကို Mother Son Yangon Force က အလားတူ လက်ပစ်ဗုံးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
” မောင်းမကန်လမ်းပေါ်က ရဲစခန်းက ကင်းတဲစခန်းပုံစံပါ။ အခုကျနော်တို့ လုပ်ခဲ့တဲ့ စခန်းက အဓိက ရာထူးကြီးတွေထိုင်တာပါ။ စခန်းနှစ်ခုလုံးက ပြည်သူတွေကိုနှိပ်စက်လို့ ဆက်တိုက်တိုက်ခိုက်ဖြစ်တာပါ။”လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကိုပြောခဲ့ပါတယ်။
ပုံစာ – လက်ပစ်ဗုံးပစ်ခတ်ခံရသည့် ဒဂုံဆိပ်ကမ်းရဲစခန်းမြင်ကွင်း(ပုံဟောင်း)
#မောင်း
#HlaingInfo
Leave a Reply