အခြေအနေဆိုးနေပြီ

လူငယ်တစုအား ကန်ကျောက်နှိပ်စက်နေသူများသည် မန္တလေးမှ ပြည်သူ့စစ်လူငယ်များဖြစ်

ရောင်နီ

မဇ္ဈိမ။ ။ လမ်းသွားလမ်းလာ လူငယ် တစုအား ကန်ကျောက်နှိပ်စက်နေသည့် လူငယ်အဖွဲ့သည် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှ ပြည်သူ့စစ်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ ဆောင်းလေ့ရှိသည့် ပြောက်ကျားဦးထုပ် ဆောင်းထားသူ လူငယ်နှစ်ဦး ပါဝင်သည့်အဖွဲ့က တခြားလူငယ်တဖွဲ့ကို မန္တလေးမြို့ လမ်းမတနေရာတွင် ကန်ကျောက်နှိပ်စက် ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ယမန်နေ့(ဇွန်လ ၁၁ရက်)နေ့ ညပိုင်းမှစ၍ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ထိုဗီဒီယိုဖိုင်တွင်ပါဝင်သည့် ကန်ကျောက်နှိပ်စက်နေသူ လူငယ်များသည် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပြည်သူ့စစ်များဖြစ်ကြောင်း သိရှိရသည်။

“ အခုဗီဒီယိုထဲပါတဲ့ကောင်တွေက ချမ်းအေးသာဇံအနောက်ပိုင်းခြံက ပြည်သူ့စစ်ကလေးတွေ၊ ခြံဆိုတာက ပြည်သူ့စစ်ခြံ၊ ဇိုးတို့ လူမိုက်ပေါက်စတွေ လက်သပ် မွေးထားတဲ့နေရာ။” ဟု သတင်းရင်းမြစ်က ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် ပြည်သူ့စစ်လူငယ်အုပ်စုက တခြားလူငယ်အဖွဲ့ကို “စစ်ကြောရေးထဲ အကုန်ထည့်မှာ” ဆိုသည့်စကားပြောဆိုကာ နေရာသုံးခုတွင် ကန်ကျောက်၊ ရိုက်နှက်၊ ထိုးကြိတ်နေသည်ကို မြင်တွေ့ရသည်။

မည်သည့်အတွက်ကြောင့် ကန်ကျောက်ထိုးကြိတ်မှုပြုလုပ်နေခြင်းနှင့် မည်သည့်နေ့ရက်က အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ် မသိရပေ။

မန္တလေးမြို့တွင် ကျွဲဆည်ကန်၊ 22လမ်း၊ ပြည်ကျော်ဈေးရှေ့၊ ရဲမွန်တောင်စသည့်နေရာများတွင် ပြည်သူ့စစ်ခြံများရှိပြီး စစ်ကောင်စီက အဓိကကြီးကြပ်ကာ မြို့နယ်တိုင်းရှိ နာမည်ရလူမိုက်များက အဆင့်ဆင့်အုပ်ချုပ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ အဲ့လိုပြည်သူ့စစ်ခြံတွေက ဒီနိုင်ငံရေးစဖြစ်ကတည်းက လုပ်ထားကြတာ၊ တချို့လူတွေတော့ သိပ်မသိကြဘူး။ မန္တလေးက နည်းနည်းစရိုက်ကျတဲ့ဘက်တွေဆို ခြံလို့ပြောတာနဲ့ တန်းသိကြတယ်။”ဟု ဆိုသည်။

အဆိုပါခြံများတွင် ခိုး ဆိုး လု နှိုက်နှင့် ဆိုးသွမ်းလူငယ်များကို စုဆောင်းထားပြီး စစ်ကောင်စီ၏ ပေါ်တာဆွဲခြင်းနှင့် ရပ်ရွာလုံခြုံရေးအမည်ခံ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်နေကြောင်း သိရှိရသည်။

မန္တလေးမြို့ပေါ်တွင် ပျူစောထီးများ၊ ပြည်သူ့စစ်များသည် ပုံစံမျိုးစုံဖြင့် လှုပ်ရှားနေပြီး တချို့ပြည်သူ့စစ်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားကြောင်း ဒေသခံများက ပြောသည်။

“ မကောင်းဘူးပေါ့ဗျာ လုယက်တာ ငွေကြေးတောင်းတာအဆုံး သူတို့ကပဲ လုပ်နေကြတော့ ဘယ်သူမှ စိတ်မအေးချမ်းနိုင်ပါဘူး။ အပြင်သွားရင်တောင် သူတို့မြင်ရင် ရှောင်နေရတာ။ တချို့ဆို ဘာကြည့်တာလဲ မေးပြီး ပါးရိုက်တာတောင်ရှိသေးတယ်။ လူမိုက်တွေကို လက်နက်ပေးထားမှတော့ အခြေနေက ဆိုးသထက်ကို ဆိုးလာတော့တာ။” ဟု မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ ဒေသခံက ပြောသည်။

လက်ရှိ လူမှုကွန်ရက်တွင် လူပြောများနေသည့် ဗီဒိီယိုဖိုင်တွင် ပါဝင်သည့် ပြည်သူ့စစ်များသည် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်များဖြစ်နေသည့်အတွက်လည်း ပြည်သူများအကြား ဝေဖန်မှုနှင့် စိုးရိမ်မှုများရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်သူများကို နှိမ်နှင်းရန် ပြည်သူ့စစ်များ၊ ပျူစောထီးများနှင့် သွေးသောက်အဖွဲ့များကို ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသည့် Burma Human Rights Network (BHRN) ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် အစီရင်ခံ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ပြုစုထားသည့်စာရင်းအရ သုံးနှစ်ကျော်ကာလအတွင်း ပျူစောထီးအင်အားပိုများလာပြီး စစ်ကောင်စီက တော်လှန်ရေး အင်အားစုများကို ရှင်းလင်းရန် နယ်မြေကျွမ်းကျင်သည့် ကြံ့ခိုင်ရေးပါတီဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များကို အရံအင်အားအဖြစ်အသုံးချနေကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဓာတ်ပုံ – လမ်းသွားလမ်းလာ လူငယ်တစုအား ကန်ကျောက်နှိပ်စက်နေသည့် လူငယ်အဖွဲ့သည် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှ ပြည်သူ့စစ်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ ဆောင်းလေ့ရှိသည့် ပြောက်ကျားဦးထုပ် ဆောင်းထားသူ လူငယ်နှစ်ဦး ပါဝင်သည့်အဖွဲ့က တခြားလူငယ်တဖွဲ့ကို မန္တလေးမြို့ လမ်းမတနေရာတွင် ကန်ကျောက်နှိပ်စက် ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ယမန်နေ့(ဇွန်လ ၁၂ရက်)နေ့ ညပိုင်းမှစ၍ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ (ဓာတ်ပုံ- ဗီဒီယိုဖိုင်မှ SS ရိုက်ယူထားခြင်းဖြစ်ပါသည်။)

#MizzimaNewsBurmese
#မဇ္ဈိမသတင်းဌာန
#စစ်ကောင်စီ
#မန္တလေးမြို့
#ပြည်သူ့စစ်
#ကြံ့ခိုင်ရေးပါတီ

 

Be the first to comment

Leave a Reply

Your email address will not be published.


*