■ ကျောက်ဖြူ၊ စစ်တွေ မြို့သိမ်းတိုက်ပွဲတွင် AA ၏ ညီနောင် မဟာမိတ်များ ပါဝင် တိုက်ခိုက်နေ
Western News| မေ ၂၈
ရခိုင်ပြည်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်များကို သိမ်းပိုက် ရရှိနိုင်ရေး ညီနောင် မဟာမိတ်များနှင့် ပူးပေါင်း ပါဝင် တိုက်ခိုက်နေကြောင်း ယနေ့ မေ ၂၈ ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံမှုတွင် တအာင်းတပ် TNLA က ထုတ်ဖော် ပြောဆိုခဲ့သည်။
စစ်ကောင်စီထိန်းချုပ်ထားသော စစ်တွေ၊ ကျောက်ဖြူမြို့နယ်ကို ရရှိရေး အာရက္ခတပ်တော် AA ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်ရှိ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေသည်။
အာရက္ခတပ်တော် AA ၏ ကျောက်ဖြူ၊ စစ်တွေ မြို့သိမ်းတိုက်ပွဲမှာ ညီနောင်မဟာမိတ်များဖြစ်ကြသော MNDAA,TNLA တို့ ပါဝင်တိုက်ခိုက်နေသလားဟု Western News က မေးမြန်းရာတွင် TNLA က ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက “၁၀၂၇ ဆိုတော့ အဲလိုမျိုး မဟုတ်တော့ဘဲနဲ့ စစ်ရေးဗျူဟာ ပြောင်းလဲပြီးမှ ကျင့်သုံးလာတာတွေ ရှိတယ်။ တစ်နေရာတည်း စုပေါင်းပြီးမှ စစ်ရေး ဖော်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်နေရာမှာကိုယ် တစ်ပြိုင်တည်း အကောင်ထည်ဖော်တာမျိုး ဗျူဟာကို ကျနော်တို့ ပြောင်းလဲ ကျင့်သုံးလာပါတယ်။ ကျနော်တို့အတူတူ တိုက်ပွဲတွေ ဝင်နေကြပါတယ်။ ကျနော်ရဲ့နားလည်းမှု၊ ကျနော်ရဲ့ သဘောတူညီမှုကတော့ ရခိုင်ပြည်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်တွေပဲ ဖြစ်တယ်။ ထို့အတူလည်းပဲ နောင်ချိုမှာ ပြီးတော့ မိုးကုတ်နားတစ်ဝိုက်မှာ တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ ရဲဘော်တွေလည်း ညီနောင်မဟာမိတ် သုံးဖွဲ့တွေလည်း ဖြစ်ပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စပြီး ညီနောင်သုံးဖွဲ့မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးသာမက အဖွဲ့အစည်းများ၏ ရပ်တည်ချက်များကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
“လွန်ခဲ့တဲ့ ၂၀၁၄၊ ၂၀၁၅ ခုနှစ်က စပြီး ကျနော်တို့ ညီနောင်သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ နိုင်ငံရေး၊ စစ်ရေးသာမက အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက် တွေကအစ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။ စစ်ရေးမှာတော့ တစ်နေ့တစ်ခြား ပြောင်းလဲလာတယ်ပေါ့နော်။ ၂၀၁၅၊ ၁၆၊ ၁၇ ကနေ ၂၀၁၉အထိ အဲ့ဒီတုန်းကနေပြီးတော့ စစ်ဆင်ရေးတွေမှာတော့ အတူတကွ ဘယ်အဖွဲ့ကတော့ လူအင်းအား ဘယ်လောက်ထည့်ဆိုပြီးတော့ တစ်ခြားဟာတွေ ဘယ်လောက်ထည့်ဆိုပြီး တစ်နေရာတည်း ဆောင်ရွက်ခဲ့တာတွေ ရှိတယ်”ဟု ဗိုလ်မှူးကြီး တားပန်လ က ပြောသည်။
ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ အထိုင်ချ တပ်စွဲထားသော တပ်စခန်း နှစ်ခုကို အာရက္ခတပ်တော် AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ကြည်းတပ်၊ ရေတပ်၊ လေတပ်များ ပြန်လည် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူအခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်းအနီး မင်းတပ်တောင်ကျေးရွာရှိ ကာကင်းစခန်းနှင့် အစိုးရ စက်မှုလက်မှု သင်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းများကို AA က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စခန်းများကို AA က မေ ၁၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ အနီးတစ်ဝိုက်များကို စစ်ကောင်စီက ကြည်းတပ်၊ လေတပ်၊ ရေတပ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး လက်ရှိတွင်လည်း နှစ်ဖက် စစ်ရေးများ တင်းမာနေသည်။
ကျောက်ဖြူတွင် စစ်ကောင်စီ၏ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၂၃၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်ဌာနခွဲ၊ အုံးကျွိန်ရေတပ်စခန်းနှင့် အမှတ် ၃၂ ရဲတပ်ရင်းတို့ ရှိပြီး ယင်းတပ်ရင်းက စီမံခန့်ခွဲနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့ပေါ်က စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ခံများသည် ပြည်မသို့ ယခုရက်ပိုင်းများတွင် ထွက်ခွာနေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။
ထို့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားသော စစ်တွေမြို့ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များက Western News ကို ပြောသည်။
AA ကလည်း စစ်တွေမြို့နယ်က ရေချမ်းပြင်၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရွှေမင်းဂံ၊ ကုလားတန်မြစ်ဝ စသည့် စစ်ကောင်စီရှိရာ နေရာများကို ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး နှစ်ဖက် စစ်ရေး တင်းမာနေသည်။
စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် ဒကစ စစ်တွေ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ အပါအဝင် အမြှောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါးရှိနေပြီး AA ၏ ထိုးစစ်ကို ခုခံရန်အတွက် အသင့် ရှိနေသည်။
#Western #News #WN #ကျောက်ဖြူ၊ #စစ်တွေ #မြို့သိမ်းတိုက်ပွဲတွင် #AA #ညီနောင်မဟာမိတ်များ #ပါဝင် #တိုက်ခိုက်နေ
Leave a Reply