Uncategorized

ရွှေရန်ကုန် ပွဲကြမ်းနေပြီဟေ့

လှိုင်သာယာရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

သတိုး၊သုည/People’s Spring

ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ညောင်တုန်းလမ်းမပေါ်ရှိ ရဲစခန်းအား ၄၀ မမ ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Dark Shadow အဖွဲ့၏ တာဝန်ခံ ရဲဘော်အရိပ်က ပြောသည်။

“အထိအခိုက်ရှိနိုင်တယ်လို့ ကျွန်တော်တို့ကယူဆတယ်။ ပတ်ဝန်းကျင်ကနေလည်း အထိအခိုက်ရှိတယ်လို့ ကြားရတယ် “ဟု ၎င်းက ပြောသည်။

အဆိုပါရဲစခန်းကို ယနေ့ (ဧပြီ ၂၈ ရက်) ည ၇နာရီခွဲအချိန်တွင် Urban Freedom စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံးဘေးကင်းကြောင်း Dark Shadow ကထုတ်ပြန်ထားသည်။

“၇ နာရီခွဲလောက်က လှိုင်သာယာ ညောင်တုန်းလမ်းဘက်မှာ ဗုံးပေါက်သံတွေ ကြားရတယ်။ အသံက တော်တော်ကျယ်ပြီး ၃၊ ၄ ချက်လောက် ဖြစ်မယ် ထင်တယ်။ လူထိခိုက်မှု ရှိမယ်ထင်တယ်။ ဆေးရုံကားသံတွေ သွားတာလည်း ကြားလိုက်ရတယ်။ အခုတော့ ညောင်တုန်းလမ်းတောက်လျှောက်နဲ့ ကျန်စစ်မင်းအိမ်ရာဘက်မှာ စစ်သားတွေ အများကြီး လှည့်ပတ်စစ်နေပါတယ်”ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း၌ ပေါက်ကွဲသံများကြားရပြီး ညောင်တုန်းလမ်းမပေါ်၌ စစ်ကောင်စီက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ်သတင်းများကို ဖော်ပြပေးနေသည့် HTY Scout Channelက ဖော်ပြထားသည်။

ယင်းစစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် ၄၀ မမ သည် ဧပြီအတွင်းကပြုလုပ်ခဲ့သော “မမနှင့်အတူ မြို့ပြကူ” ကမ်ပိန်းမှရရှိသည့် ပြည်သူ့ထောက်ပို့အင်အားဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း အဖွဲ့က အသိပေးထားသည်။

Dark Shadowအဖွဲ့သည် Urban Freedom စစ်ဆင်ရေးကို ဧပြီ ၁၀ ရက်တွင်စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ယင်းစစ်ဆင်ရေးအနေဖြင့် စတုတၳအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။

လှိုင်သာယာမြို့မရဲစခန်းကို ပြီးခဲ့သည့် ဧပြီ ၁၆ ရက်ကလည်းUrban Freedom စစ်ဆင်ရေးအနေဖြင့် Dark Shadow အဖွဲ့က လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သေးသည်။

အလားတူ ယနေ့ညပိုင်း၌ ရန်ကုန်မြို့ မရမ်းကုန်း၊ လှိုင်နှင့် တောင်ဒဂုံမြို့နယ်တို့တွင်လည်း ပေါက်ကွဲသံများကြားရ​ကြောင်း ဒေသခံပြည် သူများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *