Uncategorized

လေးဦးသေ၊ အများအပြားဒဏ်ရာရ‌

ဂန့်ဂေါမြို့နယ် ရွှေဘိုရွာနှင့်ရေသာရွာတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ၊ အများအပြားဒဏ်ရာရ‌

ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရွှေဘိုနှင့်ရေသာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရ‌ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင််းရရှိသည်။

မြောက်ခင်ရမ်းကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၀၀ခန့်သည် မေလ ၁၆ရက်နံနက်တွင်
ရွှေဘိုရွာနှင့်ရေသာကျေးရွာကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

” ဒီနေ့ အတည်ပြုစာရင်းရတာက စစ်တပ်ဘက် က လေးယောက်သေပြီး ဒဏ်ရာရတွေအရမ်းများတယ်။သတင်းပေးကတဆင့် ပြန်ရတဲ့အချက်အလက်ပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရွှေဘိုရွာနှင့်ရေသာကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်မှုတွင် ရွှေဘိုကျေးရွာမှ (၈၀)ခန့်အရွယ် သက်ကြီးရွယ်အိုတစ်ဦး၊ (၄၀)အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ကာ နေအိမ် ၂၆၆လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ရေသာကျေးရွာမှ နေအိမ် ၁၅လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ မေလ ၁၆ရက်တစ်ရက်သာ ဖြစ်ခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်များမှ ဒေသခံများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်နေသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း ၁၀၀ကျော်ရှိသည်။မြောက်ခင်ရမ်းအပါအဝင် ကျေးရွာခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ကျေးရွာပေါင်း ၉၀ ကျော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

ဆောမြို့၊ဂန့်ဂေါမြို့၊ ထီးလင်းမြို့နှင့် ကျောက်ထုမြို့တို့ပါဝင်သည့် ယောဒေသကို ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့် သတင်းများရရှိထား၍ ဒေသခံပြည်သူလူထုအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးအထူးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ထို့အပြင် ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းနယ်မြေအတွင်း လုံခြုံရေးနှင့်ပတ်သက်၍ အချက်ငါးချက်ပါ ဒေသန္တရအမိန့်ကို မေလ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

ဒေသတွင်း စစ်ဆေးရေးဂိတ်များတွင်လည်း မည်သူမဆို ကောင်းမွန်စွာ စစ်ဆေးမှုခံယူရန်၊
ည ၈နာရီမှ မနက် ၅နာရီအတွင်း ခရီးသွားပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန်၊
မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကျေးရွာများအတွင်း၌ တပ်စခန်းချနေထိုင်ခြင်းမပြုရန်နှင့် မည်သည့်လူပုဂ္ဂိုလ်မဆိုသက်ဆိုင်ရာအဖွဲ့အစည်းများ၏ခွင့်ပြုချက်မရှိဘဲ တည်းခိုနေထိုင်ခြင်းမပြုရန်၊ နယ်မြေအတွင်းခွင့်ပြုချက် မရှိဘဲ စုဝေးပွဲများမပြုလုပ်ရန် အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *