Uncategorized

ကူမင်းဆွေးနွေးပွဲ ကိုထွန်း တစ်ကွက်ပြ

ကူမင်းဆွေးနွေးပွဲမှာ ရခိုင်၌ AA တပ်တစ်ခုတည်းရှိရမယ့် မူအပါအဝင် အရပ်သား ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေကိုရပ်တန့်ရေးနဲ့ စစ်တပ်ကို ရခိုင်ကထွက်ခွာသွားဖို့ တောင်းဆိုရာမှ ဆွေးနွေးပွဲပျက်
(စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တို့တာဝန်အရေးသုံးပါးကိုပြောဆိုရာမှ ဆက်ဆွေးနွေး၍ မရခဲ့ဟုဆို)

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မေလ ၁၇/၂၀၂၄

တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ ရခိုင်၌ အာရက္ခတပ်တော်(AA) တပ်တစ်ခုတည်းရှိရမယ့်မူအပါအဝင် စစ်တပ်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကိုရပ်တန့်ရေးနဲ့ စစ်တပ်ကို ရခိုင်က ထွက်ခွာသွားဖို့ AA ဘက်က တောင်းဆိုရာကနေ ဆွေးနွေးပွဲပျက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တို့တာဝန်အရေးသုံးပါးကိုပြောဆိုရာကနေ ဆွေးနွေးပွဲမှာ ရှေ့ဆက်မရဘဲဖြစ်သွားခဲ့ရတယ်လို့ ဆွေးနွေးပွဲအကြောင်း အသေးစိတ်သိရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောဆိုပါတယ်။

“ရခိုင်အရေး ဆွေးနွေးမှုကတော့ ဘာမှ မထူးခြားဘူး။ နှစ်ဘက်သဘောတူညီမှု မရကြဘူးပေါ့။ အေအေက ရခိုင်မှာ အေအေပဲရှိရမယ်။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတာကို ရပ်တန့်ဖို့ နဲ့ စစ်တပ်ကို ရခိုင်က ထွက်ခွာသွားပေးဖို့ပြောတယ်။ စစ်တပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ တို့တာဝန်အရေးသုံးပါးတာဝန်ရှိတယ်‌ပြောတော့ ဆက်ဆွေးနွေးလို့ မရတော့ဘူး။ အခြေအနေက ပြီးသွားတာပေါ့” လို့ သူက ပြောဆိုပါတယ်။

ဆွေးနွေးပွဲကို AA နဲ့ စစ်ကောင်စီတို့ တရုတ်အစိုးရရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ ကူမင်းမြို့မှာ မေလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကူမင်းမှာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးပွဲမှာတော့ အချက် (၅) ချက်ပါ TNLA နှင့် MNDAA အရေးကို အဓိကထား ဆွေးနွေးနိုင်ခဲ့ပေမယ့် ရခိုင်အရေး သီးခြားဆွေးနွေးမှုမှာတော့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ သူက ဆက်လက်ပြောဆိုပါတယ်။

ပုံစာ- စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ကိုယ်စားလှယ်တွေ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့ တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ်

Leave a Reply

Your email address will not be published. Required fields are marked *