Uncategorized

စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံး

မုံရွာမြို့နယ်တွင် PDFထုတ်လုပ်ရေးစခန်းနှင့် ကင်းစခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် PDF တပ်ဖွဲ့​၏ ထုတ်လုပ်ရေးစခန်းနှင့် ရှေ့ထွက်ကင်းစခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၅ ရက် နံနက် ၅ နာရီခန့်က မုံရွာမြို့နယ်၊ မအူဂိတ်မှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇)၊ Black Dragon Force၊ တပ်ခွဲ (၃)၏ ရှေ့ထွက်ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ရဲဘော် တိုးကြီး(ခ)သန်းတိုးအောင် ကျဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျသွားတဲ့ရဲဘော်က ဒုတပ်စိတ်မှူးပါ။ လက်နက်နှစ်လက်လည်း ဆုံးရှုံးသွားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် တောင်မတောကျေးရွာနှင့် သစ်ညိုပင်ကျေးရွာကြားရှိ မုံရွာတိုက်နယ်(၄)ပကဖထုတ်လုပ်ရေးစခန်းတစ်ခုလည်း ထပ်မံစီးနင်းခံရပြီး ပစ္စည်းများဆုံးရှုံးခဲ့​ကြောင်း တော်လှန်ရေးရဲဘော်အချို့က ပြောသည်။

မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇)၊ Black Dragon Forceအဖွဲ့သည် ပြီးခဲ့သည့် မတ်လဆန်းကလည်း မုံရွာမြို့နယ်၊ ဆုံကုန်းကျေးရွာသို့ ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့သေးသည်။

(ကျဆုံးခဲ့သည့် ရဲဘော်အား တွေ့ရစဉ်။ ဓာတ်ပုံ-Black Dragon Force)

Leave a Reply

Your email address will not be published. Required fields are marked *