Uncategorized

ဒီနေ့ကစပြီး ဝုန်းပြီတဲ့နော်

တွန်းဇံအခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၂၆၉)ကို ချင်းပူးပေါင်းတပ် ထိုးစစ်ဆင်

ထားမြတ်/People’s Spring

ချင်းပြည်နယ် တွန်းဇံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကို ယနေ့ (မေလ ၁၆ရက်)တွင် စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တွန်းဇံမှာက ခလရ(၂၆၉)အထိုင်တပ်စခန်းတစ်ခုပဲရှိတာ။အဲဒီတပ်စခန်းကို ကျနော်တို့သိမ်းတယ်ဆိုရင်တော့ မြို့သိမ်းသလိုပါပဲ။ ဒီမနက်စတင်တိုက်ခိုက်တာ။ လက်ရှိအခြေအနေက ဒီမနက်က စတင်ပြီးတိုက်ခိုက်တာဆိုတော့ အဲဒီဘက်က မြေပြင်သတင်းအတိအကျတော့ မရနိုင်သေးဘူးပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ဆင်ရေးကို CNA နှင့် ဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များ အတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောပြသည်။

စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူပေး တုံ့ပြန်တိုက်ခိုက်လျက်ရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တွန်းဇံမြို့နယ်သည် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်နှင့် ဆက်စပ်နေပြီး ဇိုမီးလက်နက်ကိုင်တပ် ZRAက ယင်းဒေသ၌ လှုပ်ရှားကြောင်း၊ အိန္ဒိယအခြေစိုက် ZRAသည် တွန်းဇံနယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း၊ ယင်းနယ်မြေအတွင်း ဘိန်းစိုက်ခင်းများ ရှိပြီး ချင်းပြည်နယ် အတွင်း ဘိန်းအများဆုံးစိုက်သည့် နယ်မြေဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောပြသည်။

ထို့ကြောင့် အဆိုပါဒေသသည် စစ်ရေးအရသော်လည်းကောင်းလူမှုကိစ္စအရသော် လည်းကောင်း ပြည်သူလူထုအပေါ် အန္တရာယ်ရှိနိုင်သည့် အခြေအနေရှိ၍ အရေးပါသည့် ဒေသဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

(ချင်းအမျိုးသားတပ်မတော်(CNA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CNA)

Leave a Reply

Your email address will not be published. Required fields are marked *