Uncategorized

ဦးရည်မွန်တို့ ဝမ်းနည်းကြပြီလေ

KIA စစ်ဦးစီးချုပ် ကွယ်လွန်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် NUG ၏ လက်အောက်ခံ တပ်စခန်းများတွင် ၃ ရက်တိတိ အလံတိုင်တစ်ဝက် လွှင့်ထူမည်

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်မှု ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ တပ်စခန်းများတွင် ၃ ရက်တိတိ အလံတိုင်တစ်ဝက် လွှင့်ထူမည်ဖြစ်ကြောင်း (NUG) ထံက သိရသည်။

KIA စစ်ဦးစီးချုပ်ဖြစ်သလို NUG အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း အသက် (၆၂)နှစ် သည် ယမန်နေ့ မေ ၁၃ ရက် ညနေပိုင်းက အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

“အသည်းရောဂါ ဖြစ်တာကတော့ ကြာပြီ။ ဆေးဝါးကုသမှုလည်း လုပ်ပါတယ်။ အခုလည်း ဆေးကုသပြီး ပြန်လာတာ သုံးလေး ရက်ပဲရှိသေးတယ်။ ဌာနချုပ်မှာပဲ ကွယ်လွန်သွားတာပါ။ သူ့ဈာပနကိုတော့ မနက်ဖြန် လုပ်မှာပါ” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ် ကို ပြောသည်။

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် KIA သို့ ဝင်ရောက်ခဲ့ရာ စစ်ရေး ပရိယာယ်ကြွယ်ဝ၍ တပ်ဖွဲ့ဝင်များ၏ ချစ်ခင်လေးစားမှုကိုပါ ရရှိခဲ့ကြောင်း ကချင်ဒေသတွင်း သတင်းဌာနဖြစ်သည့် The 74 Media ၏ ဖော်ပြချက်အရ သိရသည်။

ထို့ကြောင့် R ခေါင်လွမ်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် KIA ဒုတိယစစ်ဦးစီးချုပ်မှ စစ်ဦးစီးချုပ်ရာထူးသို့ တိုးမြင့်ပေးအပ်ခဲ့ပြီး ယင်းတာဝန်ယူခဲ့သည့် တစ်နှစ်ကျော်အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းများစွာကိုလည်း တိုက်ခိုက်သိမ်းပိုက် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းသည် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိနေပြီး ကချင်တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သော ဘွမ်ရေဘွမ့် တပ်စခန်းကိုလည်း ပြီးခဲ့သော မတ်လက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အအတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းကွယ်လွန်ခြင်းသည် ကချင်တိုင်းရင်းသားများအတွက်တင်မက၊ ပြည်သူလူထု၏ နွေဦးတော်လှန်ရေး တစ်ခုလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ထိုအတွက် ဝမ်းနည်းဂုဏ်ပြုသည့်အနေဖြင့် လက်အောက်ခံ တပ်စခန်းများတွင် ယနေ့ မေ ၁၄ ရက်မှ ၁၆ ရက်အထိ အလံတဝက် လွှင့်ထူခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

“အဲ့ဒီ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေသာမကဘူး၊ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေအပါအဝင်ပေါ့။ NUG အောက်က အစုအဖွဲ့တွေ အကုန်လုံး ၁၄ရက် ၊ ၁၅ရက် ၊ ၁၆ ရက် သုံးရက်ကို အလံတစ်ဝက် ထောင်ပြီးတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြဖို့ ညွှန်ကြားစာလည်း ထုတ်ထားပြီးဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ “ဒူကဘာဟာ ဒီတော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန်ကျေတယ်ဆိုတာထက် အများအများကြီး ကျော်လွန်၊ ထမ်းဆောင်ခဲ့ပြီးပါပြီ” ဟု ဒေါက်တာတေဇာစန်း ကလည်း သူ၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ချင်းအမျိုးသားတပ်ဦး(CNF) စသည့် တော်လှန်ရေး အင်အားစုများကလည်း KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်ခြင်းအား အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ဖော်ပြကြသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “လူချင်း မရင်းနှီးပေမယ့် ဒူကဘာ ရဲ့ အမည်နာမ နဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ၊ ပြည်သူနဲ့အတူ တသားတည်း ရှိတဲ့ စိတ်စေတနာတွေ အကြောင်းတော့ လူသတင်း လူချင်းဆောင်လို့ မကြာခဏ ရင်းနှီး ခဲ့ရပါတယ်။ ကျွန်မတို့ အတွက် ၊ တော်လှန်ရေးအတွက် ၊ ပြည်ထောင်စုစိတ်နဲ့ ထာဝရ ကျေးဇူးက ကမ္ပည်းတင် အမှတ်ရ နေရမယ့် ဒူကဘာ ခေါင်လွန်း ငြိမ်းချမ်းပါစေ” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဓာတ်ပုံ – NUG၊ ဒေါက်တာတေဇာစန်း

#KIAစစ်ဦးစီးချုပ် #ကွယ်လွန်မှု #ဝမ်းနည်းခြင်းအထိမ်းအမှတ် #NUG တပ်စခန်းများ #၃ရက်တိတိ #အလံတိုင်တစ်ဝက် #လွှင့်ထူမည် #Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *