Uncategorized

ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့​ မဟာမြိုင် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

အင်ကြင်း/People’s Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်မှုထမ်းရန်အတင်းအဓမ္မစာရင်းကောက်နေသည့် မဟာမြိုင် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

မေလ ၁၁ရက် ညနေ ၆နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၆၂(A)လမ်း၊ (၃၉)လမ်းထောင့်ရှိ မဟာမြိုင် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMDအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါရုံးသည် အတင်းအဓမ္မစစ်မှုထမ်းရန်ခေါ်ယူခြင်း ၊ငွေညှစ်ခြင်း၊ သန်းခေါင်စာရင်းစစ်ခြင်း အကြောင်းပြကာ ပြည်သူများအား ဒုက္ခပေးခြင်းများကို ပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း NMDအဖွဲ့က အသိပေးသည်။

“ရပ်ကွက်ရုံးအုံးခံရတာ။ အသံတော့ကြားလိုက်တယ်။ ထိခိုက်မှုတော့မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်လက်ပြီး အုပ်ကြီးများ၊ ရာအိမ်မှူးများ၊ သတင်းပေးများ၊ စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်နေပါက ပိုမိုထိရောက်စွာ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း NMDအဖွဲ့က ထပ်မံသတိပေးသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ No More Dictatorship People Defence Force – NMD အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဧပြီ ၁၀ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရုံးနှင့် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရုံးအား တစ်ရက်တည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

(မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

Leave a Reply

Your email address will not be published. Required fields are marked *