Uncategorized

စစ်ကောင်စီဝင် သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရဟုဆို

လက်ပံတန်းမြို့နယ် ကွမ်းခြံစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဝင် သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရဟုဆို

ဆလိုင်းမာန်အောင်/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ ကွမ်းခြံကျေးရွာမှ စစ်ကောင်စီဂိတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရသည်ဟု သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း – Myanmar Defense Forceက ထုတ်ပြန်သည်။

ကွမ်းခြံကျေးရွာစစ်ကောင်စီဂိတ်ကို မေလ ၈ရက် နံနက်အစောပိုင်းတွင် သာယာဝတီခရိုင် အမှတ် (၂) တပ်ရင်း၏ တပ်ခွဲ (၂၊၃၊၆) ၊ MBDF (မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့)နှင့် သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း -Myanmar Defense Force တို့ ပူပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

” မစ်ရှင်ကို သေချာစနစ်တကျဆွဲပြီးမှ လုပ်ခဲ့တာ။ အောင်မြင်ပါတယ်။ စစ်တပ်ဘက်က အသေစာရင်းရော ထိခိုက်မှုရော ရပါတယ်။ တခုပါပဲ။ တိုက်ခိုက်နေချိန်မှာ အိမ်စီးကားတွေ ဖြတ်သွားနေလို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးဂိတ်အား ဝင်ရောက်စီးနင်းပစ်ခတ်ချိန်တွင် ပြည်သူများမောင်းနှင်လာသည့်ယာဉ်များ အဆက်မပြတ် သွားလာနေကြ၍ ပြည်သူများ ထိခိုက်မည်စိုးသဖြင့် ဆုတ်ခွာပေးခဲ့ရကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း – Myanmar Defense Force ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဂိတ်ကို အင်အားတိုးထားပြီး စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ကွမ်းခြံစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများနှင့်ရဲများသည် ယင်းဂိတ်နေရာမှတဆင့် ပြည်သူများကို ဖမ်းဆီးပေါ်တာဆွဲခြင်း၊ ယာဉ်များကို မတရားဖမ်းဆီး ဒဏ်ရိုက်ခြင်းများပြုလုပ်နေပြီး ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီဂိတ်၊စခန်းများအနီး နေထိုင်ခြင်းများမပြုရန်နှင့် မဖြစ်မနေဖြတ်သန်းသွားလာရမည်ဆိုပါက ပတ်ဝန်းကျင်အခြေအနေကို လေ့လာသတိပြုသွားလာကြပါရန် သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း – Myanmar Defense Force က သတိပေးထားသည်။

(Myanmar Defense Force တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ပုံဟောင်းအသုံးပြုထားပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *