Uncategorized

ပျှော်လိုက်တော့ ဒူဝါးကြီး ထပ်သိမ်းပြန်ပြီ

ချီဖွေမြို့နယ်ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA သိမ်းပိုက်

မေ ၆ ရက်

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဟု ဆိုသည်။

“အဲဒါက ချီဖွေမြို့နယ်ပဲ။ အဲဒီဒေသကို ဒေသအခေါ် ဆိတ်ခြံလို့ ခေါ်ကြတယ်။အဲဒီဘက် ဆက်သွယ်အရမ်းခက်နေတယ်။ ကောင်းကောင်း သတင်းအတိအကျ မရဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ချီဖွေမြို့နယ် ပန်ဝါလမ်းခွဲမှ ဖရဲရွာလမ်းပေါ်ရှိ ဆိတ်ခြံ ပြည်သူ့စစ်စခန်းအား မေလ ၆ရက် ညနေ ၄နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

KIA တပ်မဟာ(၇) တပ်ဖွဲ့ဝင်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ် က အသိပေးထားသည်။

ဧပြီအတွင်းကလည်း ပန်ဝါပြည်သူ့စစ်စခန်းငယ်တစ်ခု၊ ဆော့လော်မြို့နယ်ရှိ မျှော်ဇန်ကူးနယ်ခြားစောင့်တပ်စခန်း၊ ချီဖွေမှ ဆော့လော်သွားလမ်းရှိ မျှော်ဂျောင်ပန်ဝါ ပြည်သူ့စစ်စခန်း တို့ကို KIAက သိမ်းပိုက်ခဲ့ရာ ထိုစဉ်က စစ်သုံ့ပန်းနှင့် လက်နက်များရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

KIAသည် ယမန်နေ့က ဆွမ်ပရာဘွမ် စစ်ကောင်စီစခန်း၊ ဝိုင်းမော်မြို့နယ်ရှိ ဆမား၊ ကဂမ် တပ်စခန်းများအပါအဝင် တပ်စခန်း၊ ကာကင်းစခန်း ၁၀ခုကျော်၊ ယနေ့တွင် ဝိုင်းမော်မြို့နယ် ဂီဒွန် တပ်စခန်းတို့ကို သိမ်းပိုက်ထားသည်။

(KIA တပ်ဖွဲ့ဝင်တချို့ကို ဌာနချုပ်လိုင်ဇာတွင် ၂၀၁၇ အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-EPA)
People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *