Uncategorized

ဒီတစ်ခါ မြစ်ကြီးနား ငှက် သိုက်တဲ့

မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်း ရှော့ခ်တိုက်ဒုံးဖြင့် ထပ်မံတိုက်ခိုက်ခံရ

မြစ်ကြီးနား – မေ ၆၊ ၂၀၂၄။

မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါင်လေတပ်စခန်းကို ယမန်နေ့မွန်းလွှဲ ၃ နာရီခွဲခန့်က KPDF ပူးပေါင်းတပ်က ရှော့ခ်တိုက်ဒုံးဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မော်ဖောင်းကျေးရွာအနီးရှိ လေတပ်စခန်းကို ၁၀၇ မမဖြင့် ငါးကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KPDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အနီးကပ်တိုက်တာ၊ ငါးလုံးစလုံးအသံမြည်တယ်။ ဝက်မွေးမြူရေးတွေလုပ်တဲ့ သူတို့လေယာဉ်ကွင်းဘက်ဝင်တဲ့ ‘ကြိုဆိုပါ၏’ မှာ တစ်လုံးကျတယ်၊ ထိတယ်။ စစ်ကားတစ်စီးမှာထိတယ်။ နှစ်လုံးက တိုင်းဘက်သွားကျတယ်။ လေယာဉ်ကွင်းကိုပစ်တာတော့ဟုတ်တယ်။ လေယာဉ်ကွင်းကိုနှစ်လုံးဝင်သွားတာ” ဟုပြောသည်။

စစ်ကားတစ်စီးထိမှန်ခဲ့ပြီး လေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

နမ့်ပေါင်လေတပ်စခန်းတွင် ယမန်နေ့ညနေက လက်နက်ကြီးသံနှစ်ကြိမ်ကြားခဲ့ရကြောင်း မော်ဖောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နှစ်ကြိမ်ကြားလိုက်တယ်။ အဲ့တာကကောင်းကောင်းကြားရတာပေါ့။ ကားသံတွေနဲ့ဆိုတော့ တခြားအသံတွေကမကြားလိုက်ဘူး။ ဒီမော်ဖောင်းမှာတော့အခုချိန်ထိပုံမှန်ပါပဲ” ဟုပြောသည်။

အဆိုပါလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည်မှာ နှစ်လအတွင်း သုံးကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင်လည်း ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

သတင်း – Doi Awng

Leave a Reply

Your email address will not be published. Required fields are marked *