Uncategorized

ပျော်လိုက်တာ တရက်ထဲ (၁၂)နေရာတဲ့

KIA ယနေ့သိမ်းပိုက်သည့် စစ်ကောင်စီတပ်စခန်း ၁၂ခုအထိရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းကြီးကို KIA က အပြီး သတ်တိုက် ခိုက်သိမ်းပိုက်

▪️မတ်လ ၇ရက် စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ တပ်စခန်း ၈၀ကျော်သိမ်းရထားဟု အသိပေး

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ မေလ ၅ရက်တွင် သိမ်းပိုက်ရရှိခဲ့ရာ ညနေပိုင်းအထိ တပ်စခန်း ၁၂ခုထိရှိလာပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆွမ်ပရာဘွမ်၌ နောက်ဆုံးကျန်နေသည့် ခလရ(၄၆)တပ်စခန်းကို KIAက မတ်လလယ်ကတည်းက တိုက်ခိုက်ခဲ့ရာ တစ်လခွဲကျော်အကြာ မေလ ၅ရက် နံနက်အစောပိုင်း၌ အပြီးသတ် သိမ်းနိုင်ခဲ့သည်ဟုဆိုသည်။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း KIAက ယမန်နေ့ ညနေပိုင်း၌ ထိုးစစ်ဆင်ခဲ့ရာ တစ်ရက်ပင်မကြာဘဲ တပ်စခန်းများ ကာကင်းစခန်းများသိမ်းပိုက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ မေလ ၅ရက်တွင် သိမ်းရခဲ့သည့်တပ်စခန်း အရေအတွက်များကို ဖော်ပြခဲ့ရာ ဆွမ်ပရာဘွမ် တပ်စခန်း၊ အင်ခရမ်တပ်စခန်း၊ ဂမ်ဂယာတပ်စခန်း၊ ဆမား တပ်စခန်း၊ ကဂမ်တပ်စခန်း၊ ပုန်းလိမ်တပ်စခန်း၊ ရှန်ခေါင်တပ်စခန်း ၊ ငါ့ဂယာန်စခန်းအပါအဝင် တပ်စခန်း ၁၂ခု သိမ်းရထားသည်ဟု ဖော်ပြသည်။

ထို့ပြင် မတ်လ ၇ရက်မှ အရှိန်မြှင့်ခဲ့သည့် KIA၏ ထိုးစစ်ဆင်မှု ကြောင့် ယခု မေလအထိ နှစ်လအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ကျော်ကို KIAက သိမ်းပိုက်ရရှိထားသည်ဟု အသိပေးသည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဝိုင်းမော်ရှိ စစ်ကောင်စီစခန်း ၇ခုသိမ်းရခဲ့ကြောင်း ပြောပြသည်။

” ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း ဒီနေ့သိမ်းလိုက်ပြီ။ စခ သေစာရင်း မသိရသေး။ လက်နက်ခဲယမ်းတွေတော့ အများကြီးရတယ်”ဟု ကချင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဆမားတပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ ပါဝင်ပြီး စစ်သုံ့ပမ်းများလည်း ဖမ်းဆီးရမိကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီဗျူဟာကုန်းနှင့် တပ်စခန်းကြီးများ အပြင် ကာကင်းစခန်းငယ်များကိုပါ KIAက သိမ်းပိုက်ထားသည်ကို စစ်ရေးသတင်းရင်းမြစ် က အသိပေးထားသည်။

ယမန်နေ့ကတည်းက ထိုးစစ်ဆင်နေသည့် ဂိဒွန် တပ်စခန်းကို သိမ်းပိုက်နိုင်ရေးတိုက်ပွဲ ဆက်ဖြစ် နေဆဲဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်စခန်းများ တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို အတည်ပြုပြီး ယနေ့ညနေပိုင်းအထိ တိုက်ပွဲများ ဆက်ရှိနေကြောင်း ပြောသည်။

” ဝိုင်းမော်မြို့နယ်ထဲက ကဂမ်ဘွမ်၊ အင်ခွမ်ဘွမ်၊ ဂိဒွန်တောင်၊ ဆမား၊ ပုန်းလိမ်တောင်နဲ့ ငကျန်းတောင်တကြောလုံးမှာ တပ်တည်ထားတဲ့ စကစရဲ့ တပ်စခန်းတွေကို မနေ့ကနေ စပြီးမှ ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်တိုက်တာ ဖြစ်ပါတယ်။အခုထက်ထိ တိုက်ပွဲကတော့ ဖြစ်နေဆဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စခန်းသိမ်းနိုင်မှုမရှိသေးကြောင်းနှင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူအနေဖြင့် မြေပြင်စစ်ဘက်မှ တရားဝင် သတင်းပေးပို့ရရှိမှသာ တပ်စခန်း သိမ်းနိုင်မှုကို အတည်ပြုဖြေကြားလေ့ရှိသည်။

KIAက ယနေ့ သိမ်းပိုက်ရရှိထားသည့် တပ်စခန်း အချို့၏ ရုပ်သံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်တွင် ဖော်ပြ အသိပေးထားသည်။

(KIA ဦး​ဆောင်​​သော ​တော်လှန်​ရေးတပ်များက ​မေလ ၅ ရက်​နေ့ခင်းပိုင်းတွင် ဂဂမ်းစစ်တပ်စခန်းနှင့် ဆွမ်ပရာဘွမ်၌ နောက်ဆုံးကျန်နေသည့် ခလရ(၄၆)တပ်စခန်း သိမ်းပိုက်ပြီး​နောက် မြင်ကွင်း။ဓာတ်ပုံ- Padang Nsen၊ File Photo)

Leave a Reply

Your email address will not be published. Required fields are marked *