Uncategorized

ကဲ . . . စပြီနော်

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက် ပြည်သူ ၅၆၉၈ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်ထဲမဝင်ချင်၍ ပြည်သူ ၁၂ ဦးမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက် ပြည်သူ ၅၆၉၈ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ထဲမဝင်ချင်၍ ပြည်သူ ၁၂ ဦးမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်း Spring Revolution Database (SRD)၏ အစီရင်ခံစာအရ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ၆ လတာကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား ပြည်သူ ၅,၆၉၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအပါအဝင် ၁,၈၃၈ ဦးခန့်ကိုဖမ်းဆီးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းတွင် ၇၈၃ ဦး၊ ပဲခူးတိုင်းတွင် ၅၂၈ ဦး၊ မကွေးတိုင်းတွင် ၄၇၇ ဦး၊ ဖမ်းဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် ကျေးရွာများတွင်ဖမ်းဆီးခံရသူ ၂,၃၇၄ ဦး၊ မြို့ပြတွင်ဖမ်း ဆီးခံရသူ ၁,၉၉၇ ဦး၊ လမ်းခရီးများတွင်ဖမ်းဆီးခံရသူ ၃၉၈ ဦး ရှိခဲ့ကြောင်း၊ ကျောက်ဖြူမြို့နယ်ရှိ IDP Camp အတွင်းမှ ဒုက္ခသည်များကို စစ်‌သားစုဆောင်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်း၍ မိမိကိုယ်ကိုအဆုံးစီရင်မှုများလည်းဖြစ်ပွားခဲ့ပြီး စုစုပေါင်း အဆုံးစီရင်သူ ၁၂ ဦးရှိကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျေးရွာတရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှု ထမ်းရန် ကျေးရွာထဲရှိ လူငယ်များကို မဲနှိုက်ရွေးချယ်ခဲ့ရာ စစ်မှုထမ်းရန်မဲပေါက်သွားသည့် အသက် ၁၇ နှစ် အရွယ်လူငယ် ၁ ဦးက မဲပေါက်သည့်အတွက် ပိုးသတ်ဆေးသောက်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းအုပ်စု၊ ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန်မဲနှိုက်ရွေးချယ်ခဲ့ရာ မဲပေါက်သည့် အသက် ၂၀ အရွယ်လူငယ်က စစ်မှုမထမ်းချင်သောကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားကြောင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်း စစ်မှုထမ်းမဲနှိုက် ရန် အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားလာသောကြောင့် မောင်ထက်ဝေအောင် (ခ) လေးလေး ၂၄ နှစ်သည် မိမိကိုယ် ကို ကြိုးဆွဲချပြီးသတ်သေသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ(၂၀)ရက်နေ့တွင် ရန်ကုန်မြို့ ဒေါပုံမြိုနယ်တွင်နေထိုင်သည့် အဖွားအို တဦးသည် မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲပါ၍ စိတ်ထိခိုက်ကာ ဒေါပုံတံတားပေါ်မှခုန်ချပြီး သတ်သေသွားကြောင်း၊ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်သည် ကျေးရွာအုပ်ချုပ်ရေးရုံး၏မဲနှိုက်ပွဲတွင် စစ်မှုထမ်းရန်မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချပြီးအဆုံးစီရင်သွားခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၇ ရက်နေ့တွင် ရခိုင်ပြည်၊ မာန်အောင်မြို့နယ် ဇရပ်ကုန်း ခင်ကျေးရွာတွင်နေထိုင်သည့်လူငယ်တဦးသည် စစ်မှုထမ်းရမည်ကိုစိုးရိမ်ကြောက်လန့်၍ ရှောင်တိမ်းနေစဉ် ချောင်းအ တွင်း ရေနစ်မြုပ်ပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း မြိတ်မြို့မှာ တုံးဗျောငယ်ရွာတွင်နေထိုင်ပြီး စစ်မှုထမ်းရန်စာရင်း ပါသည့် ဦးစိုးမင်းနိုင် အသက် ၃၀ နှစ်သည် မတ်လ ၃၀ ရက်နေ့တွင် ကြိုးဆွဲချပြီးသတ်သေသွားခဲ့ကြောင်း၊ မတ်လအတွင်း စစ်မှု ထမ်းဥပဒေကြောင့် အရပ်သားပြည်သူ ၇ ဦး မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၈ ရက်နေ့ ည ၁၁ နာရီခန့်အချိန် ပဲခူးတိုင်း၊ တောင်ငူမြို့ ၁၆ ရပ်ကွက် ဈေးလမ်းတွင် နေထိုင်သော ကိုအေးချမ်း (ခ) ကောက်ကောက် အသက် ၂၅ နှစ်ကို အုပ်ချုပ်ရေးမှူးမှ စစ်သင်တန်း တက်ရောက်ရန် နေအိမ်သို့ သွား‌ရောက်ပြောဆိုပြီးနောက် ကိုအေးချမ်းကိုသည် နေအိမ်အတွင်း၌ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း၊ ဧရာ၀တီတိုင်း ငပုတောမြို့နယ်၊ ကြာကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင်သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားစုဆောင်းရန်အတွက် ဖိအားပေးစေ ခိုင်းမှုကြောင့် မေလ ၂၅ ရက်နေ့တွင် မိမိကိုယ်ကိုကြိုး ဆွဲချပြီး သတ်သေသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကြောင့် မိမိကိုယ်ကိုသတ်သေသူ ၁၂ ဦးအထိရှိလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခံရသော လူငယ်များ။

Leave a Reply

Your email address will not be published. Required fields are marked *