Uncategorized

အသက်အရွယ်နဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ဒရုန်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၁၈ နှစ်အရွယ်ရှိ “မောင်ရမ်”

By မိုင်းရူပ၊ ရွှေဖီမြေ

“အိမ်ပြန်ရတော့ ပျော်တယ်။ အရင်တုန်းက အဲဒါ အိပ်မက်ပဲ မက်ဖူးတာ”

၂ နှစ်နီးပါးကြာတဲ့အထိ မိဘတွေနဲ့ တွေ့ခွင့်မရတဲ့ အသက် ၁၈ နှစ်အရွယ် မောင်”ရမ်” တစ်ယောက်အတွက် သူ့မြို့မှာ ခြေကုတ်ထားတဲ့ စစ်ကောင်စီတပ်ကို သူ့ကိုယ်တိုင် တိုက်ထုတ်ပြီး အိမ်ပြန်ခွင့်ရတဲ့အတွက် အရမ်းပျော်တဲ့ အကြောင်း “ရမ်” က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အပိုင်း(၂)မှာ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ မိုးကုတ်ဗျူဟာလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းပြီးတဲ့နောက်ပိုင်း မိုးကုတ်အနောက်ပိုင်းမှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်တချို့ သူတို့ရဲ့ နေအိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်။

အဲလို နေအိမ်ပြန်ခွင့်ရတဲ့အထဲမှာ မိုးကုတ်မြို့အနောက်ပိုင်းမှာ နေထိုင်တဲ့ မောင်”ရမ်” လည်း အပါအဝင်ပါ။

မောင်”ရမ်” ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ မိုးကုတ်ဗျူဟာရဲ့ တပ်ရင်း(၁)မှာ တာဝန်စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲတုန်းက မောင်ရမ်ဟာ အသက် ၁၆ နှစ် ဝန်းကျင်သာ ရှိပါသေးပြီး ၉ တန်း တက်နေချိန် ဖြစ်ပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်ဟာ သူနေထိုင်တဲ့ မိုးကုတ်မြို့အနောက်ပိုင်းက ဒေသခံတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာတွေကြောင့်နဲ့ အပြစ်မရှိတဲ့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကြောင့် ရမ်ကို လက်နက်ကိုင်တဲ့ လမ်းစဉ် ရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။

“မိဘတွေက ငယ်သေးတယ်ဆိုပြီး မသွားဖို့ တားတာ။ မရရအောင်သွားတာ။ ပြီးမှ မိဘတွေကို ပြောပြတာ” ဆိုပြီး မောင်ရမ်က ပြောပါတယ်။

မိုးကုတ်ဗျူဟာရဲ့ အပတ်စဉ်(၂) စစ်သင်တန်းကို ၃ လကျော်ကြာ တက်ရောက်ခဲ့ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(MDY-PDF)ထံ ဒရုန်းသင်တန်း ၆ လကျော်ကြာ တက်ရောက်ခဲ့ပါတယ်။

လက်ရှိမှာ TNLA ဦးဆောင်တဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ဒရုန်းတပ်ဖွဲ့ အဖြစ် မောင်ရမ်က လက်တွေ့လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မိုးကုတ်အရှေ့ပိုင်းမှာတော့ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူလူထုက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်ဟာ နိုင်ငံအာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လူငယ်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လူငယ်အများစုဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ စစ်ပညာတွေ သွားရောက်သင်ယူခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းထားချိန် ၃ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင့်တော်လှန်နေကြတဲ့ လူငယ်တွေ မျှော်လင့်ချက်ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ အိမ်ပြန်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။

မောင်ရမ်ကတော့ နေရပ်ပြန်ခွင့်ရခဲ့ပေမယ့် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဝင်သွားမယ်လို့ ပြောပါတယ်။

တော်လှန်ရေး ပြီးသွားရင်တော့ မိဘတွေရဲ့ဆန္ဒဖြည့်ဆည်းပေးဖို့ ကျောင်းပြန်ဆက်တက်ချင်လို့ ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်ရမ်က ဆိုပါတယ်။

“ ကျောင်း ဆက်တက်ချင်တယ်။ အမေက ကျောင်း ဆက်တက်စေချင်တယ်။ အမေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်”။ ။

ဓာတ်ပုံ- SPM
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *