Uncategorized

ဒီတိုင်းသာဆို

လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထား

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေး ရဲဘော်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း နမ့်ဖူးယိုင်ရှိ MNDAA တပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဇူလိုင်လ ၃ ရက်နေ့တွင်လည်း လားရှိုးမြို့နယ်၊ မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်းတို့ တွင် တိုက်ပွဲများ ဒုတိယအကြိမ်ဖြစ်ပွားလာကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၅ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ကာကင်းစခန်းတချို့ကို MNDAA က သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“လားရှိုးမြို့နယ်နားက ကာကင်းစခန်းတွေ ရရှိတယ်လို့ သတင်းရပါတယ်။ ညောင်ကုန်း ကာကင်းစခန်းရတယ်လို့ သိရတယ်။ အခြားကာကင်းစခန်းတွေလည်းရတယ်လို့ ကြားထားပါတယ်။ ကာကင်းစခန်း ၃ ခုလောက်တော့ ရထားပြီ။ စစ်တပ်ဘက်က သေဆုံးမှု အသေးစိတ် နဲ့ လက်နက်ခဲယမ်းရရှိမှု၊ စစ်သုံ့ပန်း ဘယ်လောက် ဖမ်းမိတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်က လားရှိုးမြို့နယ် ပတ်ပတ်လည် တိုက်ပွဲများတွင် လက်နက်ကြီးများ အသုံးပြုပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့်ပါ ဗုံးကျဲများကျဲကြောင်း၊ ဒုံးကျည်မစ်ဇိုင်းများဖြင့်ပါ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်မှုများကိုလည်း အဆက်မပြတ်လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက လားရှိုးမြို့အဝင်၊ အထွက်များအားလုံးကို ပိတ်ဆို့ထားပြီး စစ်အင်အားများကိုလည်း အဆက်မပြတ် ဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *