Uncategorized

မိုးကုတ်မြို့ ရပြီ

မိုးကုတ်ဗျူဟာ အတွက်…

***

မိုးကုတ်က သတင်းစကား ရတယ်။

မြို့ အနောက်ပိုင်းကို အခု ညနေပဲ ရပါတယ်…တဲ့။
ဟိုကောင်တွေ လက်နက်ချသွား..သတဲ့။

ဆိုတော့ မိုးကုတ်ကို မြို့တဝက်တော့ သိမ်းထားနိုင်ပြီ ဆိုတဲ့ သဘော။

မိုးကုတ်ဗျူဟာ တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေကတော့ ဒဏ်ရာကြီးကြီးမားမား ရကြတာတောင် မရှိဘူး လို့ သိရတာကို ပိုဝမ်းသာရပါတယ်။

***

ပြီးခဲ့တဲ့ ထီအစီအစဉ်က ရငွေထဲကနေ မိုးကုတ်ဗျူဟာ တပ်ရင်းတွေ အတွက် သိန်း ၂၀ လွှဲဖြစ်ပါတယ်။

တကယ်တော့ အဲဒီ တပ်ရင်းတွေ အတွက် လိုအပ်နေတာတွေကို နဂိုကတည်းကိုက အလျဉ်းသင့်သလို အလုပ်လုပ်ဖူးပါတယ်။ ကားဖိုး ရှာကူတာမျိုး၊ ရိက္ခာ ဆေးဖိုး လိုအပ်သလို ထောက်ပို့တာမျိုးပေါ့လေ။

အခုကတော့ အဲဒီ တပ်ရင်း လေးခု အတွက် လိုအပ်တာတွေက ပိုများတယ်။
ဘာတွေ လိုအပ်သလဲ ဆိုရင်တော့ ကျည်၊ ရိက္ခာ၊ ဆေးဝါး အကုန်အကုန်လုံးကို ပိုလိုအပ်တယ်။

***

ကျွန်တော်တို့ လက်ခုပ်တီး အားပေးနေရုံ လောက်နဲ့ တိုက်ပွဲတွေ အောင်နိုင်လာမှာ မဟုတ်ဘူး။

မြေပြင်မှာ ကိုယ်တိုင် တိုက်ပွဲ မဝင်နိုင်တော့ ကိုယ် လုပ်နိုင်တဲ့ ငွေအားဖြင့် ပါဝင်ခြင်းကို တကယ်ကို ကြိုးကြိုးကုတ်ကုတ် လုပ်နိုင်ပါမှ လိုအပ်ချက်‌တွေကို ဖြည့်ဆည်းပေးနိုင်ပြီး အောင်ပွဲတွေ ရမှာပဲ။

ဒီစကားတွေ ပြောရတာ ဆရာလုပ်သလို လေသံတော့ ပေါက်ပေမယ့် ဒီလို ဝိုင်းဝန်းနိုင်ဖို့ ဒီလို စကားမျိုးကလွဲရင် တခြား စကားလည်း မရှိပါဘူး။

မိတ်ဆွေများရဲ့ ငွေအားဖြင့် ပါဝင်မှု ပိုပြီး လိုအပ်နေပါတယ်။

အခု လောလောဆယ် ကမ်ပိန်း တရပ် အနေနဲ့ ဆောင်ရွက်နေတဲ့ We are One အဖွဲ့ရဲ့ ပို့စ်မှာလည်း သွားရောက် ဆက်သွယ်နိုင်သလို ကျွန်တော့်ဆီ လွှဲခဲ့ရင်လည်း တပြားတချပ် မကျန် တပ်ခွဲ တာဝန်ခံဆီ ပေးပို့သွားမှာ ဖြစ်ပါတယ်။

We are One link ကိုတော့ ကွန်မန့်မှာ ဖော်ပြပါမယ်။

***

နောက်ထပ် ထီအစီအစဉ် တခုကိုလည်း ရက် သိပ်မကြာဘဲ ဆောင်ရွက်ဦးမှာ ဖြစ်ပြီး အဲဒီက ရငွေ အများစုကိုလည်း မိုးကုတ်ဗျူဟာ တပ်ရင်းတွေဆီကိုပဲ ထောက်ပို့မှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

***

ချစ်ခြင်းမေတ္တာဖြင့်…

ကလိုစေးထူး
ဇွန်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
ဒေသစံတော်ချိန်၊ မနက် ၆ နာရီ ၃၆ မိနစ်။

UPDATE – မိုးကုတ်ရှိ စစ်တပ်၏ ရွှေမျက်ဝန်း စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်၊

▪️စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် မိုးကုတ်၊ နောင်ချိုနှင့် မိုးမိတ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ဇွန်လ ၃၀ ရက်

မန္တလေးတိုင်း၊ မိုးကုတ်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေမျက်ဝန်း စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် မိုးကုတ်မြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA ကပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မိုးကုတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းကို တအာင်းတပ်မတော် TNLA က စတင် တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရွှေလိပ်ပြာစခန်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်ရှိ ရွှေသာယာ၌ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ မမ လက်နက်ကြီး ၁၄ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊

မိုးကုတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA ၊ PDF (မိုးကုတ်ဗျူဟာ)၊ MOD-PDF (513) နှင့် မိုးကုတ် ပကဖ ပူးပေါင်းတပ်များက အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLA၊ PLA ၊ MOD-PDF ပူးပေါင်းတပ်များက ည ၇ နာရီ ၅၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကင်းချောင်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၆ တပ်စခန်းကို တအာင်းတပ်မတော် TNLA ၊ DPLA ၊ MDY-PDF တို့က ယနေ့ ညနေ ၄ နာရီ ၁၄ မိနစ်ခန့်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ကလည်း နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၆၀၆ တပ်စခန်းတွင် ည ၁၀ နာရီ ၂၅ မိနစ်ခန့်၌ အကြမ်းဖက် စစ်ကောင်စီတပ်က MI-25 ဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo

Leave a Reply

Your email address will not be published. Required fields are marked *