Uncategorized

ပျော်လိုက်စမ်း

မောထစစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ တို့ တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၃၀ ကျော် သိမ်းဆည်းရမိ

ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်/ တပ်မဟာ ၄ နယ်မြေ၊ ထီးမိုပွာနယ်မြေရှိ မောထစစ်ကောင်စီတပ်စခန်းကို ဧပြီလ ၂၄ ရက်၊ ယနေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း ၃၀ ကျော် သိမ်းဆည်း ရမိသည်ဟု KNLA တာဝန်ရှိသူက ပြောသည်။

ခြေလျင်တပ်ရင်း -ခလရ (၁၉) အခြေချတပ်စွဲထားသည့် မောထစစ်ကောင်စီတပ်စခန်းအား ယနေ့ နံနက် ၉နာရီအချိန်တွင် KNLA တပ်ရင်း ၂၇၊ တပ်ရင်း ၁၂ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၂၇နှင့် ၁၂ ပူးတွဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ပြောသည်။

” မနေ့က စခန်းကို စတိုက်ပြီးတော့ ဒီနေ့ မနက် ၉ နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်လိုက်တယ်။” ဟု တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ကေအိုင်စီသို့ အတည်ပြု ပြောသည်။

ထို့အပြင် တပ်မဟာ ၄ ၏ လုပ်ငန်းများကို နှောင့်ယှက်မှုပေးနေသည့် လက်ကျန် စစ်ကောင်စီတပ်စခန်းများကို လည်း ခရိုင်/တပ်မဟာ ခေါင်းဆောင်များ၏ စီမံညွှန်ကြားချက်အရ တိုက်ခိုက်ရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ဆက်ပြောသည်။

၁၉၉၇ ခုနှစ်ကတည်းက လာရောက်အခြေချတပ်စွဲလာခဲ့သည့် အဆိုပါ မောထစစ်ကောင်စီတပ်စခန်းတွင် စစ် ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်ရှိပြီး စခန်းရှိ တပ်ဖွဲ့ဝင်များအားလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း ကေအဲန်ယူ တပ်မဟာ ၄ နယ်မြေတွင် နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာ လာရောက်အခြေချတပ်စွဲလာခဲ့သည့် ထူးလယ်စစ်ကောင်စီတပ်စခန်းကိုလည်း KNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

Photo-KNLA

Leave a Reply

Your email address will not be published. Required fields are marked *