Uncategorized

ဆောင်း အဝင်မှာ

ဆောင်းအဝင် ဒေါင်းတွန်သံကြားရတော့မည်
…………….

မြန်မာ့နွေဦးတော်လှန်ရေးဟာ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကိုရောက်လာပါပြီ။ နိုင်ငံတကာသတင်း ပြည်တွင်းသတင်း စစ်ရေး အခြေအနေအရပ်ရပ်က စကစ ကျဆုံးခန်းရောက်တော့မယ်ဆိုတာကို ညွှန်းဆိုနေကြတာဖြစ်တယ်။ နှစ် ၇၀ ဗိုလ်ကျယုတ်မာခဲ့သမျှ မအလ နဲ့ အပေါင်းအပါတသိုက်က တာဝန်ခံကြရတော့မှာပါ။ အလှည့်ကျရင် မနွဲ့ကြစတမ်းပါပဲ။ မြန်မာ့သမိုင်းမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးလာခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်သာမက လူမှုရေး၊ စီးပွားရေးနဲ့ အခြားသော အကျင့်စရိုက် အမူအကျင့်ပေါင်းစုံ ၊ ဂျင်းပေါင်းစုံကိုလဲ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်သလို ဖြတ်တောက်ပစ်ကြရတော့မယ့်အချိန်မကြာမီရောက်လာတော့မှာပါ။

အခုရှမ်းမြောက်နဲ့ မန္တလေးတိုင်းကိုဝင်ရောက်လာနေတဲ့ ရှမ်းမန်းစစ်ဆင်ရေးဟာ TNLA ၊ မန်း PDF ၊ ဓနု DPLF ၊ မတ္တရာ ပအဖတို့ဆင်နွှဲတဲ့ ဒေသဆိုင်ရာထိုးစစ်ဆိုပေမယ့် နွေဦးတော်လှန်ရေးရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်လဲဖြစ်တယ်။ ဒီစစ်ဆင်ရေးအတွင်း အခြားသော လက် နက်ကိုင် တပ်ဖွဲ့များ ပေါင်းစပ်ပါဝင်လာကြမှာဖြစ်သလို၊ ချင်း၊ ကချင် ၊ရခိုင်၊ ကရင်၊ ကရင်နီ တော်လှန်ရေးများနဲ့ပါ တသားတည်း ပေါင်းစပ်သွားတော့မှာဖြစ်တဲ့အတွက် မအလတို့ ဒီတမိုး ခံဖို့ အတော်ရုန်းကန်ကြရတော့မှာပါ။

ဆောင်းအဝင် ဒေါင်းတွန်မည် လို့ဆိုရာမှာ ဒေါင်းဆိုတဲ့ အမှတ်သရုပ်ဟာ ရှေးမြန်မာဘုရင်တွေလက်ထက်က နိုင်ငံအမှတ်သရုပ်ဖြစ်ခဲ့တာကို ရည်ညွှန်းတာပါ။ ဘယ်အဖွဲ့ ဘယ်ပါတီကိုမှ ကိုယ်စားပြုရည်ညွှန်းတာမဟုတ်ပါဘူး။ နွေဦးအောင်ပွဲခံပြီးနောက် နိုင်ငံတော်အမှတ်သရုပ်တွေ သီချင်းတွေ အလံတော်တွေကအစ ပြောင်းလဲသွားနိုင်ပေမယ့် ဒေါင်းဆိုတာကို လတ်တလော အသုံးပြုပြောဆိုတာပဲဖြစ်ပါတယ်။

၁၀၂၇ ရဲ့ အဆက် လာလိမ့်မယ်ဆိုတာတော့ အများကခန့်မှန်းထားကြတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟိုင်ဂင်သဘောတူညီချက်ထဲမှာ နိုင်ငံရေးသဘောဆောင်တဲ့ သဘောတူညီချက်တခုမှမပါလို့ပါပဲ။ သဘောတူညီချက်ရဲ့ ရည်ရွယ်ချက်ကိုက လတ်တလောအပစ်ရပ်ထားရေးနဲ့ နောင်မှာကုန်သွယ်ရေး ပြန်စရေးတို့လောက်က အဓိကဖြစ်နေတာပါ။ ဒါကို မအလဘက်ကလဲသိပါတယ်။ သူ့အတွက် ယာယီအသက် ရှူပေါက်ရဖို့ သဘောတူခဲ့တာပါပဲ။ တရုတ်ဘက်ကလဲ သူ့ပရောဂပါနေတဲ့အတွက် လားရှိုးကျသွားတဲ့ အဆင့်လောက်အထိ ခွင့်ပြုထားရင် နိုင်ငံတကာက အထူးသဖြင့် US ကပြောစရာဖြစ်လာမှာရယ်၊ သူလိုဘ ပြည့်သွားတာရယ်ကြောင့် ရပ်ဖို့အတင်းလုပ်ခဲ့တာပါ။ မရပ်ချင်ရပ်ချင် ရပ်လိုက်ရတာက ညီနောင်တပ်တွေပဲဖြစ်နေတာပါ။

မအလ ဘက်ကခံစစ်ပြင်တာ အတော်ဟုတ်သွားပြီလို့ ယူဆလာတော့ ရန်စမှုတွေလုပ်လာတာပါပဲ၊ အဲတော့ အစောကတည်းက မရပ်ရမယ့်စစ်ဟာ အဆုံးထိဆက်သွားကြတော့မှာပဲဖြစ်တယ်။ ဒီတခါတော့တရုတ်ကြီး တာဝန်သိပ်မရှိပါဘူး။ သူ့အကျိုးစီးပွားတွေကိုလည်း ဘက်အသီးသီးက ကာကွယ်ပေးကြမှာသိနေတော့ စင်ပေါ်ကနေထိုင်ကြည့်ရုံပါပဲ။ မအလက ဘေဂျင်း ရောက်နေတဲ့ ဘပြောင်ကတဆင့် အနော့်ကိုဝိုင်းတိုက်နေကြပါပီဗျ ဆိုပီး လှမ်းတိုင်လဲ ဟိုက လှည့်ကြည့်တော့မယ်မထင်ပါဘူး။ ဟိုကလဲ သူ့ကို ပထွေးလို မလွှဲသာလို့ ဆက်ဆံနေရသလိုလုပ်ပြီး ရုရှားကို အဖေလိုဆက်ဆံနေတာသိတာပေါ့။ တဘက်က ဒီအခြေအနေကို ဒီစစ်တပ်ဆက်ပြီး မထိမ်းနိုင်တော့ဘူးဆိုတာလဲ ဟိုကသိနေတာကြာနေပြီ။ ဆိုတော့ မင်းတို့ထိုက် မင်းတို့ကံပဲ။ မြန်မြန်ပီးသွားရင် ငါ့အလုပ်တွေမြန်မြန်ပြန်စလို့ရတာပေါ့လို့တောင် အောင့်မေ့နေအုံးမယ်၊ အခုစိုးရိမ်ရမှာက US ဘက်က ခြေလှမ်းတောင် ဖြစ်နေပါသေးတယ်။

လက်ရှိစစ်ရေးအခြေအနေကတော့ အများသိကြတဲ့အတိုင်းပါပဲ၊ တိုက်တိုင်းရှုံး အလောင်းစည်သူတပ်မတော်ကြီးက ၃ရက်လောက်အတွင်း စစ်စခန်း၂၆ ခုလောက်ပေးလိုက်ရပါပြီ။ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ လက်နက်ချသူတွေနဲ့ ပွဲစည်နေတာပါပဲ။ စစ်ဆင်ရေး ၅ ရက်တာအတွင်း ဗိုလ်မှူးတဦး ၊ ဗိုလ်ကြီးလေးဦးအပါ ၅၃ဦး TNLA ဆီမှာ အလင်းဝင်ခဲ့ကြတယ်လို့ သိရတာဖြစ်တယ်။ ဒဏ်ရာသမားတွေများလာတော့ မေမြို့စစ်ဆေးရုံမှာလဲကုတင်ပြည့်နေပါပြီ။ လားရှိုးအဝင် တံတား ၅ စင်းလောက်ကို ဖျက်ဆီးတာလဲ မအလတပ်ပါပဲ၊ ဒီစစ်ဆင်ရေးမတိုင်မီ လာရှိုး မိုင်းရော်သွား ကားလမ်းမကြီးပေါ်က သုံးနေရာကို မြေတူးစက်တွေနဲ့ မြောင်းတူးပြီးဖျက်ဆီးခဲ့ပါသေးတယ်။ မအလတို့ကတော့ မလုပ်ရဲတာဘာမှ မရှိဆိုတဲ့အပြင် အရှက်ဆိုတာ ဂျိုနဲ့လား၊ ဖက်နဲ့ထုပ်ထားတဲ့ဟာလေးလားလို့ ထင်ပုံရပါရဲ့၊ ကြိုက်မရှက် ငတ်မရှက်လို့ပဲကြားဖူးပါတယ်။ အခုမှ ကြောက်မရှက် ပျောက် (အာဏာပျောက်မှာ) မရှက်ဆိုတာ တွေ့ရတော့တာပါပဲ။ သတင်းတွေက အမြဲတက်နေတာပါ။ အခုပဲ သီပေါအနီး ကိုးကန့်တပ် ၁၀၀၀လောက်ရောက်နေပါတယ်။ လားရှိုးနဲ့ ၁၂မိုင်အကွာလောက်မှာ ကိုးကန့်တပ်နဲ့ စကစတို့တိုက်ပွဲဖြစ်နေပါတယ်။ တိုက်ပွဲတွေက ကျောက်မဲ၊ နောင်ချိုနဲ့ မတ္တရာကနေ မိုးကုတ် မိုးမိတ်အထိရောက်နေပါပြီ။ မေမြို့က အကြီးအကျယ်ခြိမ်းခြောက်မှုအောက်ရောက်နေပါပြီ။

အာဏာမပျောက်ဖို့ ယတြာလောက်နဲ့မရတော့ဘူးထင်ပါရဲ့။ ဆယ်တော်မူဘုရားကို သွားလားသွားရဲ့၊ ကန်တွေဆယ်ရမယ်ဆိုလို့ ပုဂံညောင်ဦး ကန်တွေ အကုန်လိုက်တူးလားတူးရဲ့။ ဒါပေမယ့် မိုးမရွာတော့ ဘယ်ကန်မှ ရေမရှိ၊ အဲတော့ ရေကားတွေနဲ့ ကန်တွေထဲလိုက်ထည့်ဆိုပဲ၊ အဲတော့လည်း ရေကမနေပါဘူး၊ မြေကြီးထဲစိမ့်ဝင်သွားတာ၊ခြုံပြောရင်တော့ ယတြာက မအောင်ဘူးပေါ့၊ အရေးထဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ၊ ဘူးလေးရာဖရုံဆင့်ဆိုသလို့ မအလရဲ့ အာဏာပါးကွက်သားတွေက ထေကြီးဝါကြီး၊ စာပေပရိယတ္တိ မှာ ကျမ်းကြီးပေါက်အဆင့်ရှိတဲ့ ဝင်းနိမ္မိတ္တရုံဆရာတော်ဘုရားကြီး ကို သတ်ဖြတ်လိုက်ကြတော့ မအလရဲ့ ရှိစုမယ့်စု အတိတ်ကံလေး အကုန်ပါသွားပါပြီ။ မအလ ကံကြီးထိုက်တော့မှာပါ။ ဒါကတော့ သူတို့ယုံကြည်မှုအရကို သူတို့ဘက်က ကံမပါတော့တာပြောတာပါ။

လက်တွေ့မှာတော့ မြေပြန့် PDF တွေနဲ့ တောင်ပေါ်တိုင်းရင်းသားတွေ ပေါင်းစုသွားတဲ့ အင်အားတွေကြောင့် မအလတပ်ပြုတ်ရမှာပါ။ NUG ကာကွယ်ရေး ဝန်ကြီး က လွန်ခဲ့တဲ့ နှစ်လလောက်က မဟာဗျူဟာထိုးစစ်လာတော့မယ်ဆိုတာ တရားဝင် အသိပေးပြီးသားပါ။ ဒီစာမျက်နှာက အဲဒီအကြောင်းဆောင်းပါး တစောင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဆိုလိုတာက စစ်ရေးကိစ္စကြီးတွေဟာ တိုက်ဆိုင်ပြီးဖြစ်လာတာမဟုတ်ပါဘူး၊ စနစ်တကျ ကြိုတင်ပြင်ဆင်ထားတဲ့အရာတွေပါ။ coordinated stratagy တွေပါ။ စစ်ရေးရည်မှန်းချက်တွေကို အကုန်ထုတ်ပြောလို့မရတဲ့အတွက် လူတဦးချင်းပြောတဲ့စကားတွေမှာ အခြေနေတခုလုံးကိုခန့်မှန်းနိုင်တဲ့အထိ တွေ့ရမှာမဟုတ်ပါဘူး။ ဖြစ်ရပ်တွေ လှုပ်ရှားမှုတွေနဲ့ပါ ပေါင်းစပ်ကြည့်မှသာ အကြမ်းဖျင်း ခန့်မှန်းလို့ရတာပါ။ စစ်တပ်က လူတွေနားလည်တာ စစ်ရေးပဲဖြစ်လို့ စစ်ရေးအရဖိအားပေးရေးဟာ အရေးကြီးဆုံးပါပဲ။ ဒါကို လက်နက်ကိုင်အားလုံး နားလည်ပီးသားဖြစ်တဲ့အတွက် ဒီလမ်းကြောင်းမှာပဲ အားထည့်ခဲ့တာတွေက အခု ရုပ်လုံးပေါ်လာတာပါပဲ။ ပြည်နယ်အားလုံးလောက်မှာ တော်လှန်ရေးတပ်တွေက အသာစီးရနေပါပြီ၊ အခု ရှမ်းမန်းစစ်ဆင်ရေးရည်မှန်းချက်ရောက်ပြီဆိုရင် နောက်ဆုံးတဆင့်က နေပြည်တော်ပါပဲ။ စစ်ရေးမှာ မြို့ကြီးအားလုံးလိုက်သိမ်းစရာမလိုပါဘူး၊ မဟာဗျူဟာအရ အသာစီးရပြီဆိုရင် နပတကို အင်အားသောင်းဂဏန်းစုစည်းပြီး ထိုးစစ်ဆင်ရုံပါပဲ၊ တကယ်တန်း မအလလူသိုက်ကို ကာကွယ်ပေးမှာက သူ့ရဲ့ ခါးပိုက်ဆောင်တပ်ပါပဲ။ ကျန်တာတွေက ဟန်ပြလောက်ပဲရှိပြီး စိတ်ဓါတ်ရေးရာအရ ပြိုဆင်းနေသူတွေများတော့ နပတ လည်း တချို့ထင်သလို့ အချိန်ကြာကြာတောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ဆိုတော့ ဆောင်းအဝင် ဒေါင်းတွန်သံကြားရဖို့ ဘက်ပေါင်းစုံက မောင်းတင် ကာသာထားကြဖို့ နှိုးဆော်လိုက်ရကြောင်းပါ။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

Leave a Reply

Your email address will not be published. Required fields are marked *