Uncategorized

ဒီတိုင်းဆိုရင်တော့

မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ PLA ထုတ်ပြန်၊
မန္တလေးတိုင်းနဲ့ ရှမ်းမြောက် အဓိက ဆက်သွယ်တဲ့ လမ်းပိုင်းဖြစ်၊

မှူးအိန်ဂျယ်၊ထင်လင်း/MFP ၊ ဇွန်-၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ အနီးက ကင်းချောင်း တပ်စခန်းကို သိမ်းပိုက်ရရှိပြီးနောက် တွင်းငယ် – မိုးမိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ဒီနေ့ ဇွန်(၃၀)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်မြို့နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့ကို ဆက်သွယ်ထားတဲ့ တွင်းငယ် – မိုးမိတ် လမ်းပိုင်းကို ဒီနေ့ ဇွန်(၃၀)ရက်က စတင်ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA၊ တအာင်း တပ်မတော် – TNLAနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ထိမ်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

“ဒီလမ်းပိုင်းက သိပ် အရေးကြီးပါတယ်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စကစ စစ်တပ်တွေ အများကြီး ရှိပါတယ်။ စကစတပ်တွေ စစ်ကူ ဝင်လာနိုင်တဲ့ အဓိက လမ်းကြောင်းကြီး တစ်ခုကို ဖြတ်တောက် နိုင်လိုက်တာ ဖြစ်ပါတယ်။ မန်းက စစ်ကူပဲ ဖြစ်ဖြစ် ကချင်ပြည်နယ်ဘက်က လာတဲ့ စစ်ကူပဲ ဖြစ်ဖြစ်၊ စစ်ကိုင်းက လာတဲ့ စစ်ကူပဲ ဖြစ်ဖြစ် ဒီလမ်းကြောင်းကို ဖြတ်ပြီးမှ မိုးမိတ်ကို ဝင်နိုင်မှာပါ။ လမ်းဆုံကျတဲ့ ဗျူဟာမြောက်လမ်းကို ဖြတ်တောက် ထိန်းချုပ်နိုင်တဲ့အတွက် အလွန် အရေးကြီးတဲ့နေရာပါ” လို့ PLA ရဲ့ အထွေထွေ အတွင်းရေးမှူး ရဲဘော် နီနီကျော်က MFP ကို ပြောပါတယ်။

မိုးမိတ် – တွင်းငယ် လမ်းပိုင်းမှာ စစ်အုပ်စု တပ်စခန်း နှစ်ခု ရှိပြီး ရွှေကျောက်မောရွာ ရဲစခန်းနဲ့ ကင်းချောင်းတံတား အစောင့် တပ်စခန်းတို့ ဖြစ်ကာ အဲ့ဒီ စခန်းနှစ်ခုကို ဇွန်(၂၆)နဲ့ (၂၉)ရက်တွေမှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လမ်းပိုင်းကို ထိန်းချုပ်နိုင်တာလို့ ဆိုပါတယ်။

TNLA နဲ့ PLA ပူးပေါင်း တပ်တွေဟာ ရွှေကျောက်မော်ရွာ ရဲစခန်းကို ဇွန်(၂၆)ရက် မနက်ပိုင်းမှာ စတင် ထိုစစ်ဆင် တိုက်ခိုက်ခဲ့ကာ ညနေပိုင်းမှာ ရဲစခန်းကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) – ၂၂၃ က ဗိုလ်ကြီး အဆင့် ကွပ်ကဲတဲ့ တွင်းငယ် – မိုးမိတ် လမ်းပေါ်က အရေးကြီး တံတားဖြစ်တဲ့ ကင်းချောင်းတံတား အစောင့် တပ်စခန်းကိုလည်း ဇွန်(၂၉)ရက် မနက်(၆)နာရီက စပြီး ထိုးစစ်ဆင် တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA က ပြောပါတယ်။

မိုးမိတ်မြို့နဲ့ တွင်းငယ်ကျေးရွာကြားက ကင်းချောင်း တပ်စခန်းကို ဇွန်(၂၉)ရက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ အဲ့ဒီ ကင်းချောင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု သုံးယောက် သေပြီး တစ်ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိကာ တချို့က ထွက်ပြေးတယ်လို့ PLA အထွေထွေ အတွင်းရေးမှုး ရဲဘော် နီနီကျော်က MFP ကို ပြောပါတယ်။

“စကစဘက် က သုံးယောက် ကျတယ်။ သုံးယောက် ဒဏ်ရာရ၊ တစ်ယောက် ဖမ်းမိထားပါတယ်၊ သူတို့က တပ်ကို စွန့်ခွာ ထွက်ပြေးသွားပါတယ်၊ ရွှေကျောက်မော် ရဲစခန်းကိုတော့ ဇွန်(၂၆)ရက် မနက်မှာ သိမ်းပိုက်ခဲ့ပါတယ်၊ အဲဒီ ရဲစခန်းကို စွန့်ခွာ ထွက်ပြေးခဲ့တဲ့ ရဲတွေက ကင်းချောင်း တပ်စခန်းမှာ သွားပြီး ခုခံကြတာပါ၊ အခုတော့ စကစ အားလုံး ထွက်ပြေးသွားပါပြီ ”

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ PLA – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (607) တပ်ရင်းက ညီနောင်မဟာမိတ် TNLA နဲ့ ပူးပေါင်းပြီး ဇွန်(၂၅)ရက်က စလို့ ပါဝင် တိုက်ခိုက်နေပြီး မိုးမိတ်မြို့နဲ့ တွင်းငယ်မြို့ ကြားကို ဖြတ်တောက်ရေး စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့မှာတော့ မဟာမိတ်တပ်တွေက မြို့တွင်းနဲ့ မြို့ပြင် ဟန်ချက်ညီညီ ချိတ်ဆက်ကာ တိုက်ပွဲ ဝင်နေကြတယ်လို့ PLA က ဆိုပါတယ်။

မိုးမိတ်-တွင်းငယ် လမ်းကို ဖြတ်တောက်ရေး လုပ်ဖို့အတွက် လမ်းပိတ် တားဆီးတာတွေ လုပ်ခဲ့တဲ့အပြင် စစ်အုပ်စု ဘက်က ထိုးစစ်ဆင် လာတဲ့အခါ ပြန်ခုခံဖို့အတွက် လိုအပ်တဲ့ ခံကတုတ်ကျင်းတွေ၊ ဘန်ကာတွေ တည်ဆောက်တာ၊ ကားအသွားအလာတွေကို အဓိက တားဆီး စစ်ဆေးတာ လုပ်ဆောင်ခဲ့တယ်လို့ PLA က ဆိုပါတယ်။

စားဝတ်နေရေး ခက်ခဲတဲ့ပြည်သူတွေ သွားလာနေတဲ့အတွက် လမ်းကို တင်းကြပ်ပိတ်ပင်တာမျိုး မလုပ်ခဲ့သလို ပြည်သူတွေကလည်း အစားအစာ၊အအေးဗူးတွေနဲ့ သောက်ရေသန့်ဗူးတွေ ပြန်လည် ကူညီခဲ့ကြတဲ့အတွက် တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဝမ်းစာပြည့်ရုံသာ စားသောက်ပြီး ပိုလျှံတာတွေကို ပြည်သူတွေထံ ပြန်လည် မျှဝေပေးခဲ့တယ်လို့လည်း PLA က ဆိုပါတယ်။

ရှမ်းမြောက်နဲ့ မန္တလေးတိုင်း ဆက်သွယ်တဲ အဓိက လမ်းပိုင်းဖြစ်တဲ့ မိုးမိတ် – တွင်းငယ် လမ်းပိုင်းကို PLA – ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက် ထိန်းချုပ် ထားစဉ်/Photo – PLA

#Mandalay_Free_Press_MFP

Leave a Reply

Your email address will not be published. Required fields are marked *