Uncategorized

မိုးကုတ် ‼️

မိုးကုတ်တိုက်ပွဲ ပြင်းထန်

▪️မြို့ခံများအိမ်အတွင်း၌နေထိုင်ရန် တော်လှန်ရေးအဖွဲ့ သတိပေး

ဇော်ရမ်း/People’s Spring

မိုးကုတ်မြို့တွင် ရင်ဆိုင်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများအနေဖြင့် နေအိမ်အတွင်းသာနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

ယနေ့(ဇွန်လ၂၉ရက်) ညနေ ၄နာရီတွင် မိုးကုတ် မြို့အနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး မင်းတံတားရပ်ကွက်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။

” ပြည်သူတွေ ကိုယ့်အိမ်ထဲပဲ ကိုယ်နေကြပါ။ အိမ်ထဲမှာမှ အကာအကွယ်တွေလုပ်ပြီးနေပေးကြပါ။ စစ်တပ်က ရမ်းသမ်းပြီးပစ်မယ့်အခြေအနေကို ကြိုတင်တွက်ဆထားကြရမယ်”ဟု မိုးကုတ် ဗျူဟာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

‌နေ့လယ်ပိုင်းကတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ထို့အပြင် မိုးကုတ်မြို့တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် ထွက်ပြေးနေ၍ လိုက်လံရှင်းလင်းနေပြီး ဒေသခံများ အိမ်အတွင်း၌ ‌နေထိုင်ပေးကြရန် မိုးကုတ်ဗျူဟာက ယမန်နေ့တွင် သတိပေးထားသည်။

မိုးကုတ်မြို့မှ စစ်ကောင်စီစခန်းများကို တအာင်းတပ်မတော်(TNLA)၊MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)တို့ကဇွန်လ ၂၅ရက်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ဖြူရောင်ကုန်းတို့ကို တိုက်ခိုက်သိမ်းယူထားပြီးနောက်ထပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

မြို့ပေါ်တွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် အရပ်သားသေဆုံးသူဦးရေ ၁၀ဦးထက်မနည်းရှိနေပြီဟု ဒေသခံများက ပြောသည်။

(မိုးကုတ်မြို့ တိုက်ပွဲဖြစ်နေသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

Leave a Reply

Your email address will not be published. Required fields are marked *